ယူကရိန်းကို ဆက်ထောက်ပံ့ရင် နှစ်နိုင်ငံ စစ်တိုက်ရနိုင်တယ်လို့ အမေရိကန်ကို ရုရှားသတိပေး 

ယူကရိန်းအတွက် စစ်လက်နက်တွေ ဆက်ပြီး ပံ့ပိုးပေးနေမယ်ဆိုရင် နှစ်နိုင်ငံ စစ်မက်ရေးရာ ထိပ်တိုက် ပဋိပက္ခ ဖြစ်လာနိုင်တယ်လို့ အမေရိကန်ကို ရုရှားက သတိပေးလိုက်ပါတယ်။ 

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းအတွက် တာဝေးပစ် ဒုံးကျည်တွေ အပါအဝင် ဒေါ်လာ ၆၂၅ သန်းဖိုးလောက် လုံခြုံရေး အထောက်အပံ့တွေ ထပ်မံ ပေးပို့သွားမယ်လို့ ကြေညာလိုက်ချိန်မှာ ရုရှားဖက်က တင်းတင်းမာမာ တုံ့ပြန်လာတာ ဖြစ်ပါတယ်။ 

အမေရိကန်နဲ့ မဟာမိတ်တွေက ယူကရိန်းကို လက်နက်တွေ ဖြည့်တင်းပေးနေတာဟာ သွေးထွက်သံယို အခြေအနေတွေကို ပိုမို ဆိုးရွားလာစေပြီး အသေအပျောက်တွေလည်း ပိုများလာစေကြောင်း၊ အဲဒါထက် ပိုအရေးကြီးတာက အမေရိကန် အပါအဝင် အနောက်မဟာမိတ် နိုင်ငံတွေနဲ့ ရုရှားတို့ကြားမှာ စစ်ရေးအရ တိုက်ရိုက် ထိပ်တိုက်တွေ့တာတွေ ဖြစ်လာနိုင်ကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အန်တိုလီ အန်တိုနော့ဗ်က ပြောကြားသွားပါတယ်။ 

အမေရိကန် သမ္မတက ယူကရိန်းကို စစ်လက်နက်တွေ ထပ်မံ ပို့ဆောင်မယ်လို့ ကြေညာလိုက်တာနဲ့ ပတ်သက်ပြီး အန်တိုနော့ဗ်က ရုရှားအနေနဲ့ ဒီကိစ္စဟာ နိုင်ငံရဲ့ မဟာဗျူဟာ အစီအမံတွေအပေါ် တိုက်ရိုက် ခြိမ်းခြောက်မှုအဖြစ် ယူဆကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။ 

အမေရိကန်က ပေးပို့မယ့်ထဲမှာ HIMARS တာဝေးပစ် လက်နက်ကြီးယူနစ် ၄ ခုလည်း ပါဝင်လာမှာပါ။ HIMARSတွေကို ယူကရိန်းက စစ်မြေပြင်မှာ စတင် အသုံးပြုလာချိန် ကတည်းက ရုရှားရဲ့ လက်နက်ကြီးပစ်ကူ အင်အား သာလွန်မှုဟာ ပျက်စီးသွားခဲ့သလို နိုင်ငံ အရှေ့ပိုင်း နယ်မြေတွေမှာ ယူကရိန်းရဲ့ တန်ပြန် ထိုးစစ်တွေ ပိုမို အောင်မြင်မှု ရလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန် အစိုးရဟာ ယူကရိန်းအတွက် HIMARS ယူနစ် ၁၈ ခု၊ ခဲယမ်းမီးကျောက်တွေ၊ ဒရုန်းအမျိုးမျိုးနဲ့ နည်းပညာမြင့် ရေဒါစနစ်တစ်ခု အပါအဝင် ဒေါ်လာ ၁.၁ ဘီလီယံဖိုးလောက် စစ်လက်နက်တွေ ထောက်ပံ့မယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ စစ်လက်နက် တချို့တဝက်ကို လျှော့ချပြီး အဲဒီအစား ယူကရိန်းအတွက် ငွေကြေး ပြောင်းလဲ ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။ အဓိပ္ပါယ်ကတော့ အမေရိကန်ရဲ့ လက်နက်တိုက်ထဲကနေ ဆွဲထုတ်ပေးမယ့်အစား တချို့ စစ်လက်နက်တွေကို အမေရိကန် ကုမ္ပဏီတွေဆီကနေ လက်လွှဲ ဝယ်ယူပေးမယ်ဆိုတဲ့ သဘောပါပဲ။ 

ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားရဲ့ ကျူးကျော်စစ် စတင်ခဲ့ချိန် ကတည်းက ဘိုင်ဒန်ရဲ့ အစိုးရဟာ ယူကရိန်းအတွက် လုံခြုံရေး အထောက်အပံ့အဖြစ် ဒေါ်လာ ၁၆.၈ ဘီလီယံကျော် ကျခံသုံးစွဲပေးခဲ့ပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။