အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် တနင်္သာရီတိုင်းမှာ အရပ်သား နှစ်ရာ့ခြောက်ဆယ်ကျော်သေဆုံး

Photo-RWU
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေရှိလာပြီး အရပ်သား သေဆုံးမှုဟာလည်း မြင့်တက်လာခဲ့ရာမှာ ပြီးခဲ့တဲ့စက်တင်ဘာလအထိ (၂၆၇)ဦးအထိရှိခဲ့တယ်လို့ Southern Monitor အဖွဲ့က စစ်တမ်းထုတ်ပြန်ပါတယ်။
ဒီထုတ်ပြန်ချက်ကို Southern Monitorအဖွဲ့က ဒီကနေ့ အောက်တိုဘာ ၅ရက် မနက်ပိုင်းက ထုတ်ပြန်ခတာပါ။ အဲ့ဒီအဖွဲ့က ကောက်ယူထားတဲ့ စာရင်းတွေအရ ထားဝယ်၊လောင်းလုံး၊ရေဖြူနဲ့ သရက်ချောင်းမြို့နယ်တွေဟာ တနင်္သာရီတိုင်းအတွင်း အခြားမြို့နယ်တွေထက် အရပ်သားသေဆုံးမှုအရေအတွက် သိသိသာသာ များပြားနေ တယ်လို့ ဆိုပါတယ်။
သေဆုံးခဲ့တဲ့ အရပ်သားအားလုံးနီးပါးဟာ အမျိုးသားတွေဖြစ်ပြီး အမျိုးသမီး ၁၀ရာခိုင်နှုန်းပါဝင် တယ်လို့ ဆိုပါ တယ်။အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းမှာ ပဋိပက္ခတွေကြောင့် သေဆုံးသူ အမျိုးသမီး (၂၇)လောက် ရှိခဲ့တဲ့သဘောဖြစ်ပါတယ်။
ဒီအရပ်သားသေဆုံးမှု အချက်အလက်ဟာ သာမန်အရပ်သားတွေအပြင် ပျူစောထီး၊ စစ်တပ်သတင်းပေး၊ အုပ်ချုပ် ရေးမှူး၊ PDF နဲ့ဆက်စပ်သူတွေကိုလည်း ထည့်သွင်းရေတွက်ထားသလို အခုလိုသေဆုံးမှုမှာ စစ်ကောင်စီတပ်ဖွဲ့ တွေရဲ့သတ်ဖြတ်မှု၊လက်အောက်ခံပျူစောထီးအဖွဲ့တွေရဲ့သတ်ဖြတ်မှုနဲ့ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ဖော်ပြထားချက်တွေကို ထည့်သွင်းရေတွက်ထားတာဖြစ်တယ်လို့ဆိုပါတယ်။
သတင်းတွေမှာဖော်ပြထားတဲ့ သေဆုံးသူတွေရဲ့ ကိုယ်ရေးနောက်ခံအချက်အလက်တွေဟာ အမှန်ကတယ် ဟုတ်၊ မဟုတ် အတည်ပြုနိုင်ဖို့ ခက်ခဲတဲ့အတွက် အဲ့ဒီလို ထည့်သွင်းရေတွက်ထားတာဖြစ်တယ်လို့ Southern Monitor အဖွဲ့ကဆိုပါတယ်။
ဒါ့အပြင်တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက် ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်မှုတွေအပြင် ဒေသခံပြည်သူတွေရဲ့နေအိမ်တွေ မီးရှို့ ဖျက်ဆီးခံရတဲ့ ဖြစ်စဉ် တွေကြောင့် အရပ်သားနေအိမ် ၁၀၅လုံး ဆုံးရှုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီအရပ်သားနေအိမ် (၁၀၅)လုံးဟာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကနေ တနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ တွေနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက ဖျက်ဆီးခဲ့တဲ့ အရေအတွက်ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီအချက်အလက်တွေကို ဒေသခံ လေ့လာစောင့်ကြည့်သူတွေကပေးပို့တဲ့အချက်အလက်တွေ၊ သတင်းမီဒီယာ တွေ ကဖော်ပြမှုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဖော်ပြတဲ့အချက်အလက်တွေကို ကိုးကားကောက်ယူ ထားတာ ဖြစ်တယ်လို့သိရပါတယ်။
အရပ်သားနေအိမ်တွေပျက်စီးခဲ့တာဟာ မိုင်းဆွဲတိုက်ခိုက်မှု၊နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုနဲ့စစ်ကောင်စီ စစ် ကြောင်း တွေဝင်ရောက်လာပြီးနောက် ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရချိန်မှာ အရပ်သား နေအိမ်တွေကို စစ်ကောင်စီ က မီးရှို့ခဲ့တာတွေကြောင့် ဖြစ်တယ်လို့ Southern Monitorအဖွဲ့ကဆိုပါတယ်။
အခုလိုဖြစ်စဥ်တွေကြောင့် လက်နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အရပ်သားထိခိုက်မှုအနည်းဆုံး ဖြစ်အောင် စစ်ရေးကျင့်ဝတ်တွေကို အတတ်နိုင်ဆုံး လိုက်နာသင့်တယ်လို့လည်း Southern Monitorအဖွဲ့က ဆို ထားပါတယ်။
Southern Monitorအဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ မြေပြင်အခြေအနေမှန်တွေနဲ့ ကွဲလွဲမှုအချို့ရှိနိုင်ပြီး အရပ်သားတွေ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ဖို့ တိုက်တွန်းချက်ကိုတော့ အငြင်းပွားစရာမရှိဘူးလို့ ဒေသတွင်း တော်လှန်ရေး အဖွဲ့အစည်းတခုဖြစ်တဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ပြောပါ တယ်။
“လက်နက်မကိုင်ထားတဲ့ပြည်သူတွေက ဘယ်ဘက်မှာဘဲ ရပ်နေရပ်နေ အဲ့ဒါအရပ်သားပြည်သူလို့ပဲ ကျွန်တော်တို့ ကယူဆတယ်၊အဲ့လိုအရပ်သားပြည်သူတွေကိုပစ်မှတ်ထားတာကို ကျွန်တော်တို့လက်မခံဘူး၊ ဘာဖြစ်လို့လဲ ဆို တော့လက်နက်မရှိတဲ့ပြည်သူကို လက်နက်နဲ့ဖြေရှင်းတယ်ဆိုတာဘယ်တော့မှတရားမှာမဟုတ်ဘူး”လို့ ထားဝယ် ခရိုင် ဒီမိုကရေစီ အရေးလှုပ်ရှားမှု သပိတ်ကော်မတီ တာဝန်ခံ ကိုမင်းလွင်ဦးကပြောပါတယ်။