စစ်ကောင်စီကို မိုင်းဆွဲတိုက်ခိုက်မယ့် ဂန့်ဂေါ-PDF နှစ်ဦး စောင့်ကြိုဖမ်းဆီးသတ်ဖြတ်ခံရ

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ဖို့ ထွက်ခွာသွားတဲ့ ဂန့်ဂေါ PDF တပ်ဖွဲ့ ဝင်နှစ်ဦးကို စစ်ကောင်စီက ကြိုတင်စောင့်ဆိုင်း ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဂန့်ဂေါ PDF က ဒီက နေ့ထုတ်ပြန်ပါတယ်။

သတ်ဖြတ်ခံခဲ့ရတဲ့ တပ်ဖွဲ့ဝင်တွေဟာ ရဲဘော်သားတုတ်နဲ့ ရဲဘော်မိုးဒီဆိုသူနှစ်ဦးဖြစ်ပြီး ဂန့်ဂေါမြို့နယ် တောင်ခင် ရန်းရွာမှာ စက်သုံးဆီလာသယ်မယ့် စစ်ကြောင်းကို တိုက်ခိုက်ဖို့အသွား စစ်ကောင်စီကင်းပုန်းနဲ့တွေ့ပြီး ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။

“(စစ်တပ်က)တောင်ခင်ရန်းရွာကို ဆီနဲ့ရိက္ခာလာသယ်တာ၊ တောင်ခင်ရန်း ရဲကင်းစခန်းက စစ်ကောင်စီ တပ် သားနဲ့ရဲတွေက (၂၉)ရက်နေ့ညကတည်းက ကင်းပုန်းဝပ်ပြီး ကျွန်တော်တို့ရဲဘော်တွေကို စောင့်နေခဲ့တာ”လို့ ဂန့်ဂေါ-PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တပ်ဖွဲ့ဝင်တွေ အခုလို ကြိုတင်စောင့်ဆိုင်းသတ်ဖြတ်ခံရတာဟာ မိုင်းခွဲတိုက်ခိုက်မှုလုပ်မယ့် အစီအစဉ် သတင်း ပေါက်ကြားတာကြောင့်ဖြစ်တယ်လို့ ဂန့်ဂေါ PDF တပ်ဖွဲ့က ယူဆနေပါတယ်။မိုင်းဆွဲတိုက်ခိုက်မယ့် တပ်ဖွဲ့ဝင် နှစ်ဦးဟာ တိုက်ခိုက်မှုလုပ်မယ့် နေရာကိုအသွား လမ်းခုလတ် ရွာတရွာမှာ ညအိပ်ခဲ့ကြသေးတယ်လို့ သိရပါ တယ်။

“ကျွန်တော်တို့သတင်းကြိုတင်ရလို့ရက်အတော်ကြာပြင်ဆင်ခဲ့တာပါ၊သတင်းပေါက်ကြားခဲ့လို့ (၂၉)ရက် နေ့ညက တည်းက ကင်းပုန်းဝပ်ပြီးစောင့်နေတာလို့ ယူဆရပါတယ်၊အင်တာနက်အခက်အခဲကြောင့် ဒီနေ့မှ ထုတ်ပြန်တာပါ” လို့ ဂန့်ဂေါ-PDF တပ်ဖွဲ့ဝင်က ဆိုပါတယ်။

သတ်ဖြတ်ခံရပြီး ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်နှစ်ဦးကို ဂန့်ဂေါ PDF က အခုလ (၂)ရက်နေ့မှာ မီးသင်္ဂြိုလ်ပေးခဲ့တယ် လို့သိရ ပါတယ်။မိုင်းဆွဲတိုက်ခိုက်မယ့်နေရာမှာ စစ်ကောင်စီက ကင်းပုန်းဝပ်နေတာသိတဲ့ ဒေသခံတွေက မိုင်းဆွဲ တိုက်ခိုက်ဖို့ လာတဲ့ PDF နှစ်ဦးကို အချက်ပြသတိပေးခဲ့ပေမယ့် သတိမူမိပုံမရဘူးလို့ ဒေသခံတဦးကပြောပါတယ်။

“သူတို့နှစ်ယောက်အသွားမှာ ကင်းပုန်းဝပ်နေတာကို သိတဲ့လူက ခြေဟန်လက်ဟန်တွေပြပြီးခေါ်သေးတယ်၊ လှည့် တော့ကြည့်တယ်မလာကြဘူး၊ အခြေအနေက အသံထွက်ခေါ်လို့လည်းမရဘူးလေ” လို့ ဒေသခံ တစ်ဦး ကဆိုပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်နှစ်ဦးယူဆောင်သွားတဲ့ AK-47 သေနတ်နှစ်လက်လည်း ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။

ရဲဘော်နှစ်ဦးကိုစစ်တပ်က ဖမ်းဆီးသွားပြီးနောက်တစ်နေ့မှာ သူတို့ရဲ့ရုပ်အလောင်းတွေကို တောင် ခင်ရန်းရွာမြောက်ဘက် ရွှေဘိုရွာကိုသွားတဲ့လမ်းမှာ လာရောက်ချထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာဟာ ပျူစောထီးတွေအင်အားကောင်းတဲ့ရွာဖြစ်ပြီး စစ်ကောင်စီက အခြေပြုတပ်စွဲထားတဲ့ရွာဖြစ်ပါတယ်။