မြဝတီမှာ DKBA တပ်ဖွဲ့ဝင် နှစ်ဦးပစ်ခတ်ခံရပြီး တဦးပွဲချင်းပြီးသေ

Photo – KIC

ကရင်ပြည်နယ် ၊ မြဝတီမြို့ မြေနီကုန်းမှာ ကွမ်းယာဝယ်နေတဲ့ DKBA နှစ်ဦးကို အမည်မသိလက်နက်ကိုင်တွေက သေနတ်နဲ့ ပစ်ခတ်သွားလို့ တဦးပွဲချင်းပြီးသေပြီး တဦး အပြင်းအထန်ဒဏ်ရာရတယ်လို့ ဒေသခံသတင်း အရင်း မြစ် တွေဆီက သိရပါတယ်။

မြဝတီမြို့ မြေနီကုန်းက စကိုင်းကွမ်းယာဆိုင်ရှေ့မှာ အောက်တိုဘာ (၂)ရက် ညနေ့ (၄)နာရီဝန်းကျင်က ပစ်ခတ်မှု ဖြစ်ခဲ့တာဖြစ်ပြီး ဘာကြောင့်ပစ်ခတ်ခံရတယ်ဆိုတာကိုတော့ ဒေသခံတွေရှင်းရှင်းလင်းလင်းမသိကြပါဘူး။

“ တစ်ယောက်က အဲ့ဒီနေရာမှာဘဲ သေသွားတယ်၊ နောက်တစ်ယောက်ကလည်းအခြေနေမကောင်းဘူး၊ သူတို့ ကားလာတာကိုမမြင်ဘဲ အရှေ့ကနေမဖယ်လို့ပစ်တာထင်တယ် ၊ နောက်တစ်ယောက်ကလဲ သေပြီလား မသိဘူးလို့ ” လို့ မြေနီကုန်းမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီလို ပစ်ခတ်မှုဖြစစ်ပြီးနောက်မှာ စစ်ကောင်စီတပ်က ဂိတ်တွေထိုး လမ်းတွေပိတ်ကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ ပြီး အပစ်ခံရတဲ့ DKBA တပ်ဖွဲ့ဝင်နှစ်ဦးကိုတော့ မြဝတီပြည်သူ့ဆေးရုံကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြဝတီမြို့မှာ ဗုံးပေါက်ကွဲမှုတွေနဲ့ ပစ်ခတ်မှုတွေမကြာမကြာ ဖြစ်လေ့ရှိပြီး အခု ပစ်ခတ်မှုကို ဘယ်အဖွဲ့က ဘာကြောင့် လုပ်တယ်ဆိုတာမသိရသေးပါဘူး။

DKBA အဖွဲ့က KNU ကနေ ခွဲထွက်လာတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ DKBA အဖွဲ့ထဲက ဗိုလ်စလုံး ဦးဆောင်တဲ့ အင်အားနှစ်ရာဝန်းကျင်ဟာ KNU လက်အောက်ခံ လက်နက်ကိုင်တပ် KNDO နဲ့ပြန်လည်ပေါင်းစည်းခဲ့ပါတယ်။

လက်ရှိ DKBA တပ်ဖွဲ့ကို ဦးဆောင်နေတဲ့ ဗိုလ်ချုပ်ကြီး စောစတီးကတော့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်း အောင်လှိုင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့သလို KNU ခေါင်းဆောင်တွေနဲ့လည်း နှစ်ဖွဲ့ ပြန်လည်ပေါင်းစည်းရေး ဆွေးနွေးနေကြပါတယ်။