ခင်ဦးမြို့အခြေစိုက် Drone တပ်ဖွဲ့ခုနစ်ဖွဲ့ ရန်ပုံငွေအခက်အခဲကြောင့် ယာယီရပ်နား

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အခြေစိုက် Drone တပ်ဖွဲ့ဝင်တချို့ဟာ တိုက်ခိုက်ရေးအတွက် ပစ္စည်းတွေပျက်စီးဆုံးရှုံးမှုများလာတာနဲ့ ရန်ပုံငွေအခက်အခဲကြောင့် တိုက်ခိုက်မှုတွေကို ယာယီရပ်နားထားတယ်လို့ ပြည်သူတွေကို အ သိပေးလာခဲ့ပါတယ်။

Dragon Urban Guerrilla ဦးဆောင်တဲ့ Wolf Guerrilla (Ye-U) ၊ NAA-DF ၊ Burmese Revolution Youth (BRY) ၊ FIRE DRAGON (Khin-U) ၊ Northern Tigers Group (NTG) နဲ့ FUTURE HERO တို့ပါဝင်တဲ့ ဒရုန်းတိုက်ခိုက် ရေးအဖွဲ့ ခုနစ်ဖွဲ့က တော်လှန်ရေးအတွက် ရန်ပုံငွေခက်ခဲလာတာကြောင့် အခုလိုထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။

“Drone ဆုံးရှုံးတာကို ဆယ့်တစ်စီး ရှိသွားပါပြီ၊စကစဘက်က ပစ်တဲ့ Drone shield တွေနဲ့ ပစ်ချခံရတာပါဗျ၊ သူ တို့နောက်ကိုပါသွားတာဗျ၊ ကျွန်တော်တို့အဖွဲ့က Gun အစစ်တွေမရှိပါဘူးဗျ၊ Drone နဲ့ပဲ တိုက်ခိုက်တာပါဗျ၊ Drone မရှိတော့ရင်တော့ အဆင်မပြေဘူးပေါ့” Dragon Urban Guerrilla တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက DNA ကို ပြောပါတယ်။

ခင်ဦးမြို့နယ်အခြေစိုက် မဟာမိတ်တပ်ဖွဲ့ဝင် (၇) ဖွဲ့ကနေ Drone အသုံးပြုခဲ့တဲ့ တိုက်ပွဲပေါင်း (၁၀၆) ပွဲ ပြုလုပ်ခဲ့ ရာမှာ တိုက်ခိုက်ရေးမှာအသုံးပြုရတဲ့ Drone နဲ့ တိုက်ခိုက်မယ့် ဆက်စပ်ပစ္စည်းတွေအတွက် ကုန်ကျငွေ ကျပ်သိန်းငါးရာ ကျော်ရှိခဲ့ပြီး တိုက်ပွဲတစ်ပွဲချင်းစီအတွက် ကုန်ကျငွေ လေးသိန်းနဲ့ ငါးသိန်းကျပ် ကြားရှိခဲ့တယ်လို့ သိရပါတယ်။

“အဓိက ကတော့ ရန်ပုံငွေမရှိတာနဲ့ ကျွန်တော်တို့ ပိုင်ဆိုင်တာလေးရောင်းပြီး လုပ်လာခဲ့တာပါ၊ ဆုံးရှုံးတဲ့ ငွေကြေး ပမာဏနဲ့ဆိုရင် ဒီလိုတောနယ်မှာ တော်တော်များတယ်ပြောရမယ်ဗျ၊ တော်လှန်ရေးက ဈေးကြီးတော့ ထပ်ဝယ်ဖို့ မတတ်နိုင်တော့လို့ပါ၊ ပြည်သူတွေလှူပေးကြပါအုံးလို့ မေတ္တာရပ်ခံပါရစေဗျ” လို့ သူက ဆက်ပြောခဲ့ပါတယ်။

သူတို့အဖွဲ့တွေအနေနဲ့ တော်လှန်ရေးကိုအဆုံးထိသွားမှာဖြစ်တာကြောင့် အခုလိုတိုက်ခိုက်မှုရပ်နားတာဟာ ယာယီရပ်နားတာဖြစ်ပြီး နည်းပညာတွေထပ်ပြီးလေ့လာပြီးရင်တော့ တိုက်ပွဲပြန်ဝင်သွားမယ်လို့လည်း သူကဆိုပါတယ်။အဲ့ဒီဒရုန်းတပ်ဖွဲ့ဟာ စက်တင်ဘာ(၂၂)ရက်က ရွှေဘိုမြို့နယ်အတွင်းမှာနောက်ဆုံး တိုက်ခိုက်မှုလုပ်ခဲ့တာပါ။