ရုရှားလက်ထဲက အချက်အခြာ မြို့တစ်မြို့ကို ပြန်သိမ်းယူနိုင်ခဲ့ကြောင်း ယူကရိန်း အတည်ပြု

မဟာဗျူဟာ အချက်အခြာ မြို့တစ်မြို့ဖြစ်တဲ့ လိုင်မန်ကို ရုရှားတပ်တွေ လက်အောက်ကနေ ပြန်လည် သိမ်းပိုက်လိုက်နိုင်ပြီလို့ ယူကရိန်း အစိုးရက အတည်ပြု ကြေညာသွားပါတယ်။ 

လိုင်မန်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က နိုင်ငံပိုင်နက်ထဲ သွတ်သွင်းကြောင်း ကြေညာခဲ့တဲ့ ယူကရိန်း နယ်မြေတွေဖြစ်တဲ့ လူဟန့်စ်ခ်နဲ့ ဒွန်းဘက်စ်တို့ကို ဆက်သွယ်ထားတဲ့ အဓိက ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းပေါ်မှာ တည်ရှိနေပါတယ်။ 

အောက်တိုဘာ ၂ ရက်မှာ ရုရှားအစိုးရက ယူကရိန်းတပ်တွေ အင်အားသာလာတာကြောင့် လိုင်မန်က ဆုတ်ခွာပေးခဲ့ရကြောင်း အတည်ပြုခဲ့ပါတယ်။ နာရီပိုင်း အကြာမှာတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက လိုင်မန်ဟာ အပြည့်အဝ လွတ်လပ်ရေး ပြန်ရခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ 

ယူကရိန်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နိုင်ငံ အရှေ့ပိုင်းမှာ ဆင်နွှဲတဲ့ တန်ပြန်ထိုးစစ်တွေမှာ ရလဒ်ကောင်းတွေ ဆက်တိုက် ရရှိနေပြီး လိုင်မန်ကို သိမ်းယူလိုက်တာကတော့ အကြီးမားဆုံး အောင်မြင်မှုတွေထဲက တစ်ခုလို့ ဆိုနိုင်ပါတယ်။ လိုင်မန်က ယူကရိန်းလက်ထဲ ရောက်သွားတဲ့အတွက် ယူကရိန်း အရှေ့ခြမ်းက ရုရှားသိမ်းပိုက် နယ်မြေတွေအတွက် ပိုပြီး မလုံမခြုံ ဖြစ်လာခဲ့ပါတယ်။ 

ရုရှား အစိုးရက လိုင်မန်မှာရှိတဲ့ တပ်တွေကို စနစ်တကျ ဆုတ်ခွာစေနိုင်ခဲ့တယ်လို့ ပြောပေမယ့် မျက်မြင်တွေကတော့ မြို့ကို ယူကရိန်းတပ်တွေ ဝိုင်းလာချိန်မှာ ရုရှားတပ်တွေ ဒရောသောပါး ထွက်ပြေးခဲ့ကြရတာလို့ ပြောပါတယ်။ 

ရုရှားတပ်တွေဟာ လိုင်မန်မြို့ကို မေလက သိမ်းပိုက်ထားခဲ့တာဖြစ်ပြီး ဒွန်းဘက်စ် မြောက်ပိုင်းမှာ ဆင်နွှဲတဲ့ စစ်ဆင်ရေးတွေအတွက် အဓိက ထောက်ပံ့ပို့ဆောင်ရေး စခန်းတစ်ခုအဖြစ် အသုံးချနေခဲ့ပါတယ်။ အခုတော့ ယူကရိန်း စစ်သားတွေက လိုင်မန်မှာ နိုင်ငံတော် အလံကို လွှင့်ထူပြီး အောင်ပွဲခံ အမှတ်တရ ဓာတ်ပုံ ရိုက်နေကြပါပြီ။ 

လိုင်မန်ကို လက်လွှတ်လိုက်ရတဲ့နောက် ရုရှားတပ်တွေဟာ ဒွန်းဘက်စ် အရှေ့ခြမ်းထိ ဆုတ်ခွာပြီး ခံစစ်ကို အားဖြည့်ဖို့ ကြိုးစားနေပါတယ်။ ယူကရိန်း သမ္မတ ဇီလန်စကီးကတော့ ဒွန်းဘက်စ် အပါအဝင် ယူကရိန်း နယ်မြေတွေကို ရုရှားက သိမ်းပိုက်ထားတဲ့အပေါ် လုံးဝ အသိအမှတ် မပြုသလို ယူကရိန်း နယ်မြေအားလုံး လွတ်လပ်ရေး ပြန်ရတဲ့ထိ အားထုတ်သွားမယ်လို့ ပြည်သူတွေကို ကတိပေး ပြောဆိုထားပါတယ်။