လူ ၁၂၀ ကျော်သေတဲ့ ဘောလုံးကွင်း အဓိကရုဏ်းအကြောင်း စုံစမ်းဖို့ အင်ဒိုနီးရှား သမ္မတ အမိန့်ထုတ်

Photo – CNN

လူပေါင်း ၁၂၀ ကျော် သေဆုံးခဲ့တဲ့ ဘောလုံးကွင်း အဓိကရုဏ်း ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်း စတင်ဖို့ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက အမိန့်ပေးလိုက်ပါတယ်။

အရှေ့ဂျာဗား ဒေသမှာ ပြည်တွင်း အမှတ်ပေး ပြိုင်ပွဲက ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အသင်းနှစ်သင်း ကစားတဲ့ ပွဲစဉ် အပြီးမှာ ဆိုးသွမ်း ပရိသတ်တွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေကြား ပဋိပက္ခတွေ စတင်ရာက နောက်ဆက်တွဲ ဆိုးဆိုးရွားရွား ပြဿနာတွေ ဖြစ်ခဲ့တာပါ။ 

ရဲတွေက ကွင်းထဲမှာ မျက်ရည်ယိုဗုံးတွေ ပစ်ဖောက်ခဲ့တာကြောင့် ပွဲကြည့်စင်ပေါ်မှာ ပရိသတ်တွေ ဝရုန်းသုန်းကား ပြေးလွှားပြီး လူနင်း သေဆုံးတာတွေ ဖြစ်လာခဲ့တာပါ။ အောက်တိုဘာ ၁ ရက်က ဖြစ်စဉ်ကြောင့် သေဆုံးသူ ၁၂၉ ဦးထိ အတည်ပြု သိရှိထားပြီး ၁၈၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ 

​ဝီဒိုဒိုက ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ဘောလုံးကွင်းတွေရဲ့ လုံခြုံရေး အစီအမံတွေအပေါ် ပြန်စစ်ဆေးဖို့၊ လူတွေ သေကြေခဲ့တဲ့ ကိစ္စကို အတွင်းကျကျ စုံစမ်းဖော်ထုတ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ နောက်ပြီး စုံစမ်းစစ်ဆေးနေဆဲ ကာလတလျှောက် ဘောလုံးပွဲတွေကို ရပ်နားထားဖို့လည်း သမ္မတက ညွှန်ကြားခဲ့ပါတယ်။ 

ဝီဒိုဒိုရဲ့ ညွှန်ကြားမှုအရ ရဲတပ်ဖွဲ့၊ ဥပဒေ ပညာရှင်တွေနဲ့ လုံခြုံရေးဌာန ဝန်ကြီးတို့ ပူးပေါင်းပြီး ဖြစ်စဉ်ကို အသေးစိတ် အစီရင်ခံရမယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA)ကတော့ လူတွေ သောင်းနဲ့ချီ ရှိနေတဲ့ ဘောလုံးကွင်းထဲမှာ မျက်ရည်ယိုဗုံး သုံးခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းအပေါ် မေးခွန်းထုတ်ထားပါတယ်။ 

မျက်မြင်တွေရဲ့ အဆိုအရ ပွဲသိမ်း ခရာမှုတ်ချိန်မှာ ကွင်းထဲကို ပရိသတ်တချို့ ပြေးဝင်လာပြီး ရဲတွေက တားဆီးရာက ပြဿနာ စခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ကတော့ လူရမ်းကား ပရိသတ်တွေကြောင့် သူတို့ရဲ့ အရာရှိ ၂ ဦး သေဆုံးကြောင်း ထုတ်ပြန်ပြီး မျက်ရည်ယိုဗုံးတွေ ပစ်ဖောက်ခဲ့တဲ့ လုပ်ရပ်ကို ကာကွယ် ပြောဆိုထားပါတယ်။ 

ဒီဖြစ်စဉ်ဟာ ဆယ်စုနှစ် တော်တော်များများအတွင်း ကမ္ဘာတလွှားမှာ ကြုံတွေ့ဖူးသမျှ အဆိုးဆုံး ဘောလုံးကွင်း အဓိကရုဏ်း တစ်ခုအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ ကနဦး စစ်ဆေးမှုတွေအရ သေဆုံးသူ အများစုဟာ လူနင်းခံရလို့၊ ဒါမှမဟုတ် အသက်ရှူ မွန်းကျပ်လို့ အသက်ဆုံးရှုံးခဲ့ကြောင်း သိရှိရပါတယ်။