အာဖဂန် စာသင်ကျောင်းကို အသေခံဗုံးခွဲမှုကြောင့် ၂၅ ဦးသေပြီး အများအပြား ဒဏ်ရာရ 

အာဖဂန် နစ္စတန်နိုင်ငံက ကျောင်းတစ်ခုကို ပစ်မှတ်ထားပြီး အသေခံ ဗုံးခွဲမှုကြောင့် ကျောင်းသူကျောင်းသားတွေ အပါအဝင် ၂၅ ဦးသေပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။

ကဘူးလ်မြို့တော်က ဒက်သ်အီဘာချီ ရပ်ကွက်မှာရှိတဲ့ စာသင်ကျောင်း တစ်ကျောင်းကို စက်တင်ဘာ ၃၀ မှာ အသေခံ ဗုံးခွဲသမား တစ်ယောက်က ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ ကျောင်းဟာ ရှီးဟိုက် မွတ်ဆလင်တွေနဲ့ လူနည်းစု ဟာဇာရာ မျိုးနွယ်တွေ နေထိုင်ရာ ဧရိယာမှာ တည်ရှိပါတယ်။

အခင်းဖြစ်ချိန်က ကျောင်းသူ ကျောင်းသားတွေဟာ စာမေးပွဲဖြေဆိုဖို့ အလုပ်များနေကြတုန်း အသေခံ ဗုံးခွဲသမားက ဝင်ရောက်လာခဲ့တာလို့ မျက်မြက်တွေက ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုမယ့် အထက်တန်းအရွယ် ကျောင်းသူကျောင်းသားတွေလည်း ပါဝင်ခဲ့ကြောင်း ဒေသခံ အုပ်ချုပ်ရေး အရာရှိတွေက အတည်ပြုပါတယ်။

လက်ရှိ အချိန်ထိ အသေအပျောက် ၂၅ ဦး စာရင်းရထားပြီး ၂၇ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ဒဏ်ရာ အခြေအနေ ဆိုးရွားသူတွေလည်း ပါဝင်ကြောင်း အာဖဂန်ကို အုပ်ချုပ်နေတဲ့ တာလီဘန် အစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့ အရာရှိ တစ်ယောက်က ပြောပါတယ်။

အခု အသေခံ ဗုံးခွဲမှုကို ဘယ်အဖွဲ့အစည်းက ကျူးလွန်သလဲ ဆိုတာတော့ မသိရသေးပါဘူး။ ဒါပေမဲ့ အာဖဂန်က ရှီးဟိုက် မွတ်ဆလင်တွေကို အရင်ကတည်းက ဆွန်နီ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွအဖွဲ့ အိုင်အက်စ်က ပစ်မှတ်ထား တိုက်ခိုက်တာတွေ ရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် တာလီဘန်တွေ အာဏာရမလာခင် စစ်သွေးကြွ အဖွဲ့တစ်ခု လှုပ်ရှားနေချိန်တုန်းက အိုင်အက်စ်တွေနဲ့ ခါးသီး ပြိုင်ဘက်တွေအဖြစ် ရပ်တည်ခဲ့ဖူးပါတယ်။

ဗုံးပေါက်ကွဲမှု အပြီးမှာတော့ စိုးရိမ်နေတဲ့ ကျောင်းသားမိဘတွေဟာ ဆေးရုံတွေဆီ အပြေးအလွှား သွားရောက်ပြီး ထိခိုက်သေကြေသူတွေကို အတည်ပြုနိုင်ဖို့ ကြိုးစားနေကြတာ တွေ့ရပါတယ်။ တချို့လည်း ကိုယ့်သားသမီးကို ရှာမတွေ့လို့ သောကဗျာပါဒ များနေကြတာ တွေ့ရပါတယ်။

အာဖဂန်မှာ အရင်ကလည်း စာသင်ကျောင်းတွေ၊ အထူးသဖြင့် မိန်းကလေးသီးသန့် ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ဗုံးခွဲမှုတွေ ရှိခဲ့ပေမယ့် ဘယ်အဖွဲ့အစည်းကမှ တိတိကျကျ တာဝန်ခံတာမျိုး မရှိပါဘူး။ ဧပြီလတုန်းကလည်း အာဖဂန်က စာသင်ကျောင်း နှစ်ခုမှာ ရှေ့ဆင့်နောက်ဆင့် ဗုံးကွဲပြီး ၆ ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရခဲ့ဖူးကြောင်း သိရပါတယ်။

Ref: CNN