အာဖဂန်နစ္စတန်မှာ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၂၈၀ကျော်သေဆုံး

အာဖဂန်နစ္စတန် အရှေ့တောင်ပိုင်းမှာ ဒီကနေ့ဇွန်လ ၂၂ရက်နေ့ မနက်အစောပိုင်းက အင်အား ၆ ဒဿမ ၁ မဂ္ဂနီကျူဒ့်ရှိတဲ့ ငလျင်တခုလှုပ်ခတ်ခဲ့ပြီးနောက် လူပေါင်း ၂၈၀ကျော်သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြပါတယ်။ 

အိမ်နီးချင်းပါကစ္စတန်နဲ့ နယ်စပ်အနီး အာဖဂန်နစ္စတန်နိုင်ငံ Khost မြို့ကနေ ၂၇မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာလို့ အမေရိကန်ဘူမိဗေဒလေ့လောစောင့်ကြည့်ရေးအဖွဲ့ (USGC) က ပြောပါတယ်။ 

အာဖဂန် မီဒီယာတွေကဖော်ပြတဲ့  သတင်းဓာတ်ပုံတွေမှာ နေအိမ်တွေအမြောက်အများ ပျက်စီးနေပြီး လူသေအလောင်းတွေကို မြေကြီးပေါ်မှာ စောင်တွေနဲ့ အုပ်ထားတာ တွေ့ရပါတယ်။

သေဆုံးသူအများစုဟာ Paktika ပြည်နယ်ထြက ဖြစ်ပြီး ၂၅၅ဦးသေဆုံးကာ နောက်ထပ် ၂၀၀ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ Khost ပြည်နယ်မှာတော့ လူ ၂၅ဦးသေဆုံးပြီး ၉၀ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။ 

ငလျင်ဒဏ်ခံစားရတဲ့‌ တောင်တန်းဒေသတွေဟာ ဝေးလံပြီး မြေပြင်ကအသေးစိတ်အချက်အလက် ရဖို့ အချိန်ယူရဦးမှာဖြစ်တာကြောင့် ရွာအချို့မှာ သေဆုံးသူအရေအတွက် ထပ်ပြီးမြင့်နိုင်တယ်လို့ အာဏာပိုင်တွေက မှတ်ချက်ပြုပါတယ်။ 

ငလျင်လှုပ်ခတ်မှုကို ပါကစ္စတန် ၊ အာဖဂန်နစ္စတန်နဲ့ အိန္ဒိယမှာ သိသိသာသာခံစားခဲ့ရပါတယ်။ 

၂၀၁၅ ခုနှစ်က အာဖဂန်အရှေ့မြောက်ပိုင်းမှာ ငလျင်လှုပ်ခတ်မှုကြောင့် အာဖဂန်နဲ့ ပါကစ္စတန်မြောက်ပိုင်း အနီးမှာ လူပေါင်းရာချီ သေဆုံးခဲ့ပါတယ်။