မက်ဂွိုင်းယားအပေါ် ယုံကြည်မှု အပြည့်ရှိနေဆဲလို့ တန်ဟက်ဂ်ပြော 

အပြင်းအထန် ဝေဖန်မှုတွေ ရင်ဆိုင်နေရတဲ့ အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားအပေါ် ယုံကြည်မှု အပြည့်အဝ ရှိနေသေးကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ်တန်ဟက်ဂ်က ပြောကြားသွားပါတယ်။

မက်ဂွိုင်းယားဟာ လက်ရှိ ဘောလုံးရာသီမှာ ယူနိုက်တက်အတွက် ပွဲထွက် ကစားခွင့် ဆုံးရှုံးခဲ့ရသလို ဂျာမနီနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာလည်း အင်္ဂလန် နောက်တန်းမှာ ဆိုးရွားတဲ့ အမှားတွေ ကျူးလွန်ခဲ့ပြန်ပါတယ်။ အခုဆိုရင် သူ့ရဲ့ ခြေစွမ်းကို စိတ်ပျက်နေတဲ့ အင်္ဂလန် ဘောလုံးပရိသတ်က ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် လက်ရွေးစင် အသင်းမှာတောင် မက်ဂွိုင်းယားကို မရွေးဖို့ တောင်းဆိုလာကြပါပြီ။

အခုသီတင်းပတ်ကုန်မှာ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးနဲ့ ယှဉ်ပြိုင်မယ့် ဒါဘီပွဲစဉ် မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာတော့ တန်ဟက်ဂ်က ဖိအားတွေအောက် ကျရောက်နေတဲ့ တပည့်ဖြစ်သူကို ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။

သူက မက်ဂွိုင်းယားကို နည်းပြနေတဲ့အတွက် ကစားသမားကို ကာကွယ်ပေးဖို့ တာဝန်ရှိကြောင်း၊ ဒါပေမဲ့ သူအခု ကာကွယ်ပေးနေတာဟာ တာဝန်ရှိရုံ သက်သက်ကြောင့် မဟုတ်ဘဲ မက်ဂွိုင်းယားအပေါ် အမှန်တကယ် ယုံကြည်ထားလို့ဖြစ်ကြောင်း တန်ဟက်ဂ်က ဆိုပါတယ်။ ရာသီ အစပိုင်းမှာ မက်ဂွိုင်းယားက အစစ အရာရာ အခြေအနေ ကောင်းနေရာက နောက်တော့ အလှည့်အပြောင်းတချို့ ကြုံခဲ့ကြောင်း၊ ဒါပေမဲ့ အဲဒီ အခြေအနေကိုလည်း မက်ဂွိုင်းယားက ပြောင်းလဲပြလိမ့်မယ်လို့ သူယုံကြည်ထားကြောင်း တန်ဟက်ဂ်က ပြောကြားသွားပါတယ်။

မက်ဂွိုင်းယားဟာ ဒဏ်ရာ ပြဿနာကြောင့် မန်ချက်စတာ ဒါဘီပွဲစဉ်ကိုတော့ သေချာပေါက် လွဲချော်မယ်လို့ တန်ဟက်ဂ်က အတည်ပြုပါတယ်။ ဒဏ်ရာရထားတဲ့ တိုက်စစ်မှူး အန်သိုနီ မာစီရယ်လ်နဲ့ မားကက်စ် ရက်ရှ်ဖို့ဒ်တို့က လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ပေမယ့် စီးတီးနဲ့ပွဲမှာ ပါနိုင် မပါနိုင် ဆိုတာကိုတော့ ​ပြောဖို့ စောနေသေးကြောင်း တန်ဟက်ဂ်က မယုတ်မလွန် မှတ်ချက် ပေးသွားခဲ့ပါတယ်။

Ref: Sky Sports