ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်အတွင်းရှိ ကျောင်းကုန်းမြို့မ ရဲစခန်းက အချုပ်သား (၂)ဦးမှာ ကိုဗစ် ၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ မြို့နယ် ကျန်းမာရေးဦးစီးဌာန ကပြောပါတယ်။
စက်တင်ဘာလ (၂၆) ရက်နေ့က အသက်( ၆၀) နှစ် အရွယ်ရှိ အချုပ်သား အမျိုးသား တဦးနဲ့ စက်တင်ဘာ ( ၂၄ ) ရက်နေ့က အသက် ( ၂၂ )နှစ် အရွယ် အချုပ်သား လူငယ်အမျိုးသား (၁)ဦး မှာ စစ်ဆေး တွေ့ရှိတာပါ။
” အချုပ်သားတွေကို ကျန်းမာရေးဌာနက RDT နဲ့ စစ်ဆေးတာမှာ ကိုဗစ်ပိုးတွေ့တာပါ။ သူတို့ရဲ့ ကျန်းမာရေးကတော့ ကောင်းမွန်ပါတယ်” လို့ ကျန်းမာရေး ဌာနတာဝန်ရှိသူ တဦးကပြောပါတယ်။
ကိုဗစ် ၁၉ ရောဂါပိုး တွေ့ရှိတဲ့ သူတို့ (၂)ဦးဟာ စစ်ကောင်စီရဲ့ ကိုးဗစ် ရောဂါကာကွယ်ဆေး အပြည့် ထိုးထားပြီးသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ပိုးတွေ့ အတည်ပြု လူနာ အချုပ် သား(၂)ဦးကို အခြားအချုပ်သားတွေနဲ့ ခွဲခြားပြီး သီးသန့် ကျန်းမာရေး စောင့်ရှောက်မှုပေး ထားတယ်လို့ သိရပါတယ်။
ကျောင်းကုန်းမြို့ ရဲစခန်းမှာ အချုပ်ကျနေသူ အမျိုးသား (၁၃) ဦး အမျိုးသမီး (၅)ဦး စုစုပေါင်း( ၁၈) ဦး ရှိတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
စက်တင်ဘာ( ၂၂) ရက်နေ့ကလည်း ကျောင်းကုန်းမြို့နယ် ၊ ဝက်ချောင်း တိုက်နယ်ဆေးရုံ ၊ ပြင်ပလူနာဌာနကို အခြားရောဂါ လာရောက်ကုသတဲ့ အမျိုးသမီး (၃)ဦးကို TDR နဲ့ စစ်ဆေးရာမှာ အသက် (၈၄) နှစ်ရှိ အမျိုးသမီးကြီးတဦးမှာ ကိုဗစ်ရောဂါပိုး တွေ့တာကြောင့် အဲ့ဒီ ဆေးရုံမှာပဲ သီးသန့် ကုသပေးထားတယ်လို့ သိရပါတယ်။
ကျောင်းကုန်းမြို့နယ် အတွင်းမှာ (၂၀၂၁) ခုနှစ် ဇွန်လ တတိယပါတ် ကနေ (၂၀၂၂ )ခုနှစ် ဇွန်လကုန် အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူမှာ (၁၂၅၀ )ဦးကျော် ဖြစ်ပြီး လူ (၁၀၀ )ဦးကျော် သေဆုံးခဲ့တယ်လို့ မြို့နယ် ကိုဗစ် ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီ စာရင်းအရ သိရပါတယ်။