ဘာစီလိုနာ-ပီအက်စ်ဂျီ အားပြိုင်မှုမှာ ကြားညပ်လာနိုင်တဲ့ မက်ဆီ

Photo – ESPN

ဥရောပ အင်အားကြီး ဘောလုံးကလပ် နှစ်ခုရဲ့ အားပြိုင်မှုတွေမှာ ကမ္ဘာကျော် ဘောလုံးကြယ်ပွင့် လီယွန်နယ် မက်ဆီတစ်ယောက် ကြားညပ်မယ့် အခြေအနေတွေ ကြုံနေရပါတယ်။ 

အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ တလျှောက်လုံး စပိန်ကလပ် ဘာစီလိုနာအတွက် ကစားပေးခဲ့သူပါ။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာတော့ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း တိုးဖို့ကိစ္စ အဆင်မပြေ ဖြစ်ခဲ့ပြီး မက်ဆီက ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီ အသင်းဆီ ပြောင်းရွှေ့သွားပါတယ်။ 

မက်ဆီနဲ့ ပီအက်စ်ဂျီကြား ချုပ်ဆိုထားတဲ့ စာချုပ်ဟာ သက်တမ်း ၂ နှစ်ရှိပြီး အခုဘောလုံးရာသီ အကုန်မှာ ပြီးဆုံးပါမယ်။ အဲဒီအချိန်ကျရင် အသင်းလက်မဲ့ ဖြစ်သွားမယ့် မက်ဆီကို ပြန်ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း ဘာစီလိုနာ အီဒူရက်ဒ် ရိုမီယူက ပြောကြားလိုက်ပါတယ်။ 

ဒါဟာ မက်ဆီကို စာချုပ်သက်တမ်း ထပ်တိုးဖို့ ပြင်ဆင်နေတဲ့ ပီအက်စ်ဂျီကို တပ်လှန့်လိုက်တဲ့ အဓိပ္ပါယ်လည်း သက်ရောက်သွားပါတယ်။ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ခါးသီးတဲ့ ပြဿနာတချို့ ရှိခဲ့ပါတယ်။ ဥပမာ အနေနဲ့ ဘာစီလိုနာ တိုက်စစ်မှူး နေမာကို ပီအက်စ်ဂျီက စာချုပ်ဖျက်သိမ်းကြေး ပေးပြီး ခေါ်ယူသွားတဲ့ ကိစ္စမျိုးက ဘာစီလိုနာအတွက် ကွင်းတွင်းကွင်းပြင် နစ်နာစရာတွေ ကြုံခဲ့ရပါတယ်။ 

လတ်တလောမှာလည်း ဘာစီလိုနာက အနာဂတ် စီးပွားရေး လီဗာတွေကို ရှယ်ယာရောင်းချပြီး အသင်းရဲ့ ဘဏ္ဍာရေး အကျပ်အတည်းတွေကို ဖြေရှင်းသွားတဲ့အပေါ် ကျင့်ဝတ်နဲ့ ညီမညီ ပီအက်စ်ဂျီ အသင်းဖက်က ဝေဖန် မေးခွန်းထုတ်ထားပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီ ပိုင်ရှင်တွေက ဘာစီလိုနာကို ဒုက္ခပေးဖို့အတွက် မြို့ခံပြိုင်ဘက် အက်စ်ပန်ညော်ကို ဝယ်ယူဖို့ပါ ကြံစည်နေကြောင်း ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။ 

ဒီလို အခြေအနေတွေမှာ ရိုမီယူက မက်ဆီကို ပြန်လည်ခေါ်ယူနိုင်ခြေနဲ့ ပတ်သက်လို့ လူသိရှင်ကြား ထုတ်ပြောလာတာပါ။ မက်ဆီသာ ပြန်လာမယ်ဆိုရင် အသင်းက အခမဲ့ ခေါ်ယူနိုင်မှာဖြစ်ကြောင်း၊ ဒါဟာ ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စတစ်ခုလို့ သတ်မှတ်နိုင်ပြီး နည်းစနစ်ပိုင်း အရလည်း သင့်တော်တဲ့ ရွေးချယ်မှုဖြစ်ကြောင်း ရိုမီယူက မှတ်ချက် ပေးသွားပါတယ်။ 

မက်ဆီဟာ ပီအက်စ်ဂျီ ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာ ရုန်းကန်ခဲ့ရပေမယ့် လက်ရှိ အခြေအနေမှာတော့ စွမ်းဆောင်ရည်ကောင်းတွေ ပြန်လည် ပြသနေပါတယ်။ မက်ဆီ ကိုယ်တိုင်က သူ့ရဲ့ အနာဂတ်အတွက် တိကျတဲ့ ဆုံးဖြတ်ချက် တစ်ခုခု ချမှတ်ထားဟန် မရှိသေးသလို ဘာစီလိုနာက ပြန်ခေါ်ယူနိုင်တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။