
ကေအဲန်ယူ အုပ်ချုပ်နယ်မြေ ဖားအံမြို့နယ်ထဲက ညောင်ကုန်းကျေးရွာမှာ ဝင်ရောက်တပ်စွဲထားတဲ့ နယ်ခြားစောင့်တပ် BGF စစ်ဆေးရေးဂိတ်ကနေ ကျေးရွာအတွင်းကို လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦး အပါအဝင် သုံးဦးထိမှန်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ခဲ့ပါတယ်။
BGF – ၁၀၁၄ တပ်ရင်း၊ (တပ်ခွဲ-၂) လက်အောက်ခံ တပ်ခွဲမှူး ဗိုလ်တင်ဝင်း ဦးဆောင်တဲ့ ညောင်ကုန်း BGF ဂိတ်ကနေ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ငါးနာရီခွဲဝန်းကျင်မှာ ကျေးရွာထဲကို လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ခဲ့တာပါ။
အဲ့ဒီပစ်ခတ်မှုမှာကြောင့် ညောင်ကုန်းကျေးရွာနေ အသက်ရှစ်နှစ်အရွယ်ကလေးငယ် တစ်ဦးရဲ့ ဘယ်ဘက်လက်မောင်းနဲ့ အသက် (၅၂) နှစ်အရွယ်အမျိုးသမီးတစ်ဦးရဲ့ ညာဖက်ပေါင်တို့မှာ လက်နက်ကြီးစစိုက်ဝင်ခဲ့သည့်အပြင် နောက်ထပ် အသက် (၃၇) အရွယ်အမျိုးသမီးတစ်ဦးရဲ့ ဘယ်ဖက်လက်ကောက်ဝတ်ကို လက်နက်ကြီးစ ရှပ်ထိခဲ့တယ်လို့ သိရပါတယ်။
ညောင်ကုန်းဂိတ်က BGF တပ်ဖွဲ့ဝင်တွေဟာ ဒေသခံပြည်သူတွေကို ခေါ်ယူခြိမ်းခြောက်တာ ကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မကြာခဏလုပ်ဆောင်နေတယ်လို့ ကေအဲန်ယူက ဆိုပါတယ်။
အခုတစ်ကြိမ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား သုံးဦး အပြင် နွား (၁)ကောင်နဲ့ ဆိတ် (၁) ကောင်တို့လည်းလက်နက်ကြီးစထိမှန်ခဲ့သေးတယ်လို့ သိရပါတယ်။
လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့သူတွေအတွက် ညောင်ကုန်းစစ်ဆေးရေးဂိတ်က ဆေးဖိုး နှစ်သိန်းကျပ် ပေးခဲ့တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။