ကောလဟလတချို့ ပျံ့နှံ့နေချိန် လူမြင်ကွင်းရှေ့ ပြန်ပေါ်လာတဲ့ ရှီကျင့်ဖျင်

Photo – Xinhua News Agency

အာဏာသိမ်းခံရသလိုလို ကောလာဟလတွေ ပျံ့နှံ့ခဲ့ပေမယ့် တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ လူမြင်ကွင်းရှေ့ကို ပြန်လည် ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ 

စက်တင်ဘာ ၂၇ ရက်က ရှီဟာ ဘေဂျင်းက ပြပွဲတစ်ခုကို သွားရောက် စစ်ဆေး ကြည့်ရှုခဲ့ပုံကို အစိုးရ ရုပ်မြင်သံကြား ဌာနတွေက ထုတ်လွှင့် ပြသခဲ့ပါတယ်။ ရှီဟာ အခုလလယ်က အာရှအလယ်ပိုင်းမှာ အစည်းအဝေးတစ်ခု သွားတက်ရောက်ခဲ့ပြီးတဲ့နောက် လူအများ မြင်ကွင်းကနေ ရက်အတော်ကြာ ပျောက်ကွယ်နေခဲ့ဖူးပါတယ်။ 

အဲဒီအတောအတွင်း အသက် ၆၉ နှစ်အရွယ် သမ္မတရဲ့ နိုင်ငံရေး အနာဂတ်နဲ့ ပတ်သက်လို့ ထင်ကြေးတွေ၊ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။ တရုတ် စစ်တပ်က အာဏာသိမ်းလိုက်ပြီး ရှီကို နေအိမ်အကျယ်ချုပ်နဲ့ ချုပ်နှောင်ထားတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေဟာ Twitterပေါ်မှာ အတော်လေး လူပြောများခဲ့ပါတယ်။ 

စက်တင်ဘာ ၂၇ ရက်မှာတော့ ရှီဟာ ဝန်ကြီးချုပ် လီကီကျန်း အပါအဝင် အစိုးရအဖွဲ့ ခေါင်းဆောင်တချို့အပြင် အာဏာရ ကွန်မြူနစ် ပါတီနဲ့ တရုတ်စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်းတချို့ ခြံရံပြီး ပြပွဲကို တက်ရောက်လာပါတယ်။ အဲဒီပြပွဲမှာ ရှီက လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း တရုတ်စီးပွားရေး တိုးတက်လာမှု အခြေအနေတွေကို ကြည့်ရှုသွားခဲ့ပါတယ်။ 

ရှီဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ဥဇဘက်ကစ္စတန် နိုင်ငံမှာ ဒေသတွင်း အစည်းအဝေးတစ်ခု သွားတက်ခဲ့ပြီးနောက် ပျောက်ကွယ်နေခဲ့တာပါ။ လေ့လာသူတွေကတော့ ရှီဟာ Quarantine ဝင်နေရတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ တရုတ်မှာ လက်ရှိ အချိန်ထိ ကျင့်သုံးနေတဲ့ ကပ်ရောဂါ တားဆီးရေး အစီအမံတွေအရ နိုင်ငံခြားက ပြန်လာသူ တစ်ဦးဟာ တစ်ပတ်ကြာ Quarantine ဝင်ရပါတယ်။ 

တရုတ်ရဲ့ တစ်ပါတီ ကြီးစိုးအုပ်ချုပ်မှု စနစ်ကို အကြောင်းပြုပြီး ပြည်တွင်းမှာ အာဏာသိမ်းတယ်ဆိုတဲ့ ကောလာဟလမျိုးတွေ ရံဖန်ရံခါ ထွက်ပေါ်တတ်ပါတယ်။ ဒါပေမဲ့ ဗဟိုချုပ်ကိုင်မှု တင်းကျပ်တဲ့ နိုင်ငံမှာ အာဏာရ ပါတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ သမ္မတအပေါ် ကြီးကြီးမားမား ဆန့်ကျင်နိုင်တဲ့ အင်အားစုမျိုး ပေါ်ထွက်လာဖို့ ခဲယဉ်းပါတယ်။ 

လက်ရှိ အခြေအနေအရ ရှီဟာ တရုတ်နိုင်ငံ သမိုင်းမှာ ဩဇာအကြီးဆုံး ခေါင်းဆောင်အဖြစ် ယူဆ ခံနေရပြီး သူ့အတွက် ပြိုင်ဘက် ဖြစ်လာနိုင်သူတွေကိုလည်း အဂတိမှုတွေနဲ့ စွပ်စွဲပြီး ထောင်ချထားတာကြောင့် ထင်သာမြင်သာ စိန်ခေါ်မှုမျိုး လုံးဝ မရှိသလောက်ပါပဲ။ ဒါ့အပြင် သူဟာ သမ္မတ ရာထူးအတွက် သက်တမ်း ကန့်သတ်ချက်ကိုလည်း ပယ်ဖျက်ခဲ့တာကြောင့် ဆန္ဒရှိရင် တစ်သက်လုံး တရုတ်သမ္မတ လုပ်နေနိုင်ဦးမယ့် သဘောလည်း ဖြစ်ပါတယ်။