ယူကရိန်းနယ်မြေ တဆယ့်ငါးရာခိုင်နှုန်းလောက်ကို ပိုင်နက်အဖြစ် သိမ်းသွင်းဖို့ ရုရှား ခြေလှမ်းပြင် 

Photo – API

လက်အောက်ခံ ယူကရိန်းနယ်မြေ ၄ ခုဟာ ရုရှားပိုင်နက်အဖြစ် ပူးပေါင်းဖို့ တခဲနက် လက်ခံခဲ့ကြကြောင်း ရုရှားအလိုတော်ရိ အာဏာပိုင်တွေက ကြေညာပါတယ်။ 

ရုရှားဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းက ထိန်းချုပ် နယ်မြေတွေမှာ သူတို့စိတ်ကြိုက် ပြင်ဆင်ထားတဲ့ လူထုဆန္ဒ ခံယူပွဲ ဆိုတာကြီးကို အကောင်အထည် ဖော်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ အဲဒီ နယ်မြေတွေက ရုရှားနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိမရှိ လူထုရဲ့ သဘောထားကို မဲကောက်ဖို့ ဖြစ်ပါတယ်။ 

ယူကရိန်း အစိုးရက ဒီလုပ်ရပ်အပေါ် အပြင်းအထန် ရှုတ်ချခဲ့သလို နိုင်ငံတကာ အသိုက်အဝန်းကလည်း ရုရှားရဲ့ အခုလို ဘောင်ကျော်တဲ့ သိမ်းသွင်းမှုမျိုးကို လက်ခံမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီဒေသတွေမှာ ရုရှားက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေး အရာရှိတွေကတော့ မဲအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ ရုရှားလက်အောက်ကို ခိုလှုံဖို့ ထောက်ခံထားကြောင်း ပြောကြားခဲ့ကြပါတယ်။ မဲရေတွက်မှုတွေကို လွတ်လွတ်လပ်လပ် အတည်မပြုနိုင်သလို မဲပေးရာမှာလည်း လျှို့ဝှက်မဲပေး စနစ်မျိုး သုံးခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

တစ်နည်းအားဖြင့် ရုရှားဟာ ယူကရိန်း ပိုင်နက် စုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်းလောက်နဲ့ ညီမျှတဲ့ နယ်မြေတွေကို မလျော်မကန် နည်းလမ်းတွေနဲ့ သိမ်းသွင်းယူဖို့ ပြင်ဆင်လာခြင်း ဖြစ်ပါတယ်။ ဒီအတောအတွင်း ရုရှား အစိုးရက နိုင်ငံရဲ့ ပိုင်နက်ကို ထိပါးခံလာရပြီဆိုရင် နျူကလီးယား လက်နက်တွေနဲ့ တုံ့ပြန်ပိုင်ခွင့် အပြည့်ရှိတယ်လို့ ခြိမ်းခြောက်ထားပါသေးတယ်။ 

လက်ရှိ အခြေအနေမှာ ယူကရိန်းဟာ ကိုယ့်နယ်မြေ ကိုယ်ပြန်ရဖို့ တိုက်ခိုက်နေတာ ဖြစ်ပေမယ့် ရုရှားရဲ့ သိမ်းသွင်းမှု အပြီးမှာတော့ ရုရှားပိုင်နက်ထိ ထိုးဖောက်တဲ့ အဓိပ္ပါယ် ဖြစ်လာမှာပါ။ ဒီလိုသဘောမျိုး ဖြစ်စေချင်လို့လည်း ယူကရိန်းဖက်က စစ်ရေး အသာရလာတာနဲ့ ရုရှားက သိမ်းပိုက်နယ်မြေတွေမှာ လူထုဆန္ဒ ခံယူပွဲတွေ ကတိုက်ကရိုက် အကောင်အထည် ဖော်ခဲ့တာပါ။ 

နိုင်ငံတကာ အသိအမှတ်ပြုမှု မရှိတဲ့အတွက် ဒီလိုသိမ်းသွင်းမှုဟာ တရားမဝင်ပေမယ့် ရုရှားကတော့ ယူကရိန်း အရှေ့ပိုင်း ဒွန်းညက်စ်နဲ့ လူဟန့်စ်ခ် ပြည်နယ်တွေထဲက ခွဲထွက်ရေး သူပုန်တွေ အဓိက ထိန်းချုပ်ထားရာ ဒေသတွေကို သူတို့ရဲ့ ပိုင်နက်ထဲ မျက်နှာပြောင်ပြောင် ဆွဲသွင်းမယ့် သဘောပါပဲ။ တောင်ပိုင်းက ခါဆွန်နဲ့ ဇာပေါ်ရစ်ဇီရာ ဒေသတွေက ရုရှား အထိန်းချုပ်ခံ နယ်မြေတွေကလည်း ရုရှားနဲ့ ပေါင်းစည်းဖို့ သဘောတူတယ်ဆိုတဲ့ မဲရလဒ်တွေပဲ ထွက်ပေါ်လာတယ်လို့ ရုရှား အလိုတော်ရိ အုပ်ချုပ်ရေး အရာရှိတွေက ဆိုပါတယ်။ 

ယူကရိန်း သမ္မတ ဇီလန်စကီးက ရုရှားဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုရဲ့ ပိုင်နက်နယ်မြေကို အင်အားသုံး တိုက်ခိုက်သိမ်းယူပြီး ကုလသမဂ္ဂရဲ့ စံနှုန်းတွေကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲသွားပါတယ်။ ဗြိတိန်၊ အမေရိကန်တို့ အပါအဝင် အနောက်မဟာမိတ် နိုင်ငံတွေကလည်း ရုရှားရဲ့ နယ်မြေသိမ်းပိုက်မှုတွေကို လုံးဝ အသိအမှတ် ပြုမှာ မဟုတ်ကြောင်း အတိအလင်း ပြောကြားထားပါတယ်။ 

အစဉ်အလာအရ ရုရှားနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ တရုတ်လို နိုင်ငံမျိုးမှာတောင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဝမ်ဝမ်ဘင်းက နိုင်ငံအားလုံးရဲ့ အချုပ်အခြာ အာဏာနဲ့ ပိုင်နက်နယ်မြေ ပိုင်ဆိုင်မှုတွေကို လေးစားထားရမှာ ဖြစ်တယ်လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။ 

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကတော့ လူထုဆန္ဒ ခံယူပွဲတွေ ပြုလုပ်စေခဲ့တာနဲ့ ပတ်သက်လို့ ဒေသတွင်းက ရုရှားအနွယ်ဝင်တွေ ညှင်းပန်း နှိပ်စက် ခံနေရတဲ့ အခြေအနေကနေ အကာအကွယ်ပေးဖို့ ဖြစ်တယ်လို့ ကာကွယ် ပြောဆိုသွားပါတယ်။