စစ်တပ်ရဲ့ လက်နက်ပွဲစားတွေကို ပိတ်ဆို့အရေးယူဖို့ Justice For Myanmar တောင်းဆို

Photo – Reuters

မြန်မာအာဏာသိမ်းစစ်တပ်အတွက် လက်နက်တွေ ဝယ်ယူပေးနေတဲ့ လက်နက်ပွဲစားတွေကို ဥရောပ သမ္မဂ (EU) အနေနဲ့ ချက်ခြင်း အရေးယူပေးဖို့အတွက် Justice for Myanmar က တောင်းဆိုကြောင်း ဒီကနေ့ ထုတ်ပြန်ပါတယ်။

“စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီနေတဲ့ စစ်လက်နက်ပွဲစားတွေကို ဦးတည်ပြီး၊ အီးယူအနေနဲ့ နောက်ထပ်တစ်ကြိမ် အရေးတကြီးဒဏ်ခတ်ပတ်ဆို့မှုတွေ ချမှတ်ဖို့ Justice For Myanmar က တောင်းဆိုပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Justice For Myanmar အနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအတွက် လက်နက်ဝယ်ယူပေးနေတဲ့ ကုမ္မဏီပေါင်း ၃၁ ခုကို ရှာဖွေဖော်ထုတ်ပေးခဲ့မယ့် ဥရောပသမ္မဂ (EU) အနေနဲ့ ထူးကုမ္မဏီတစ်ခုထဲကိုသာ ဒဏ်ခတ်ပိတ် ဆို့ မှု ပြုလုပ်ခဲ့တဲ့အပေါ်မှာလည်း ထောက်ပြ ပြောဆိုထားပါတယ်။

ဖော်ထုတ်ထားတဲ့ တချို့သောစစ်လက်နက်ပွဲစားတွေဟာ အီးယူနဲ့ စီးပွားရေး ချိတ်ဆက်မှုတွေရှိကြောင်း အတည်ပြုထားနိုင်ခဲ့ပြီး အဲ့ဒီစစ်လက်နက်ပွဲစားတွေမှာ- Dynasty Group နဲ့ သူရဲ့ကုမ္ပဏီခွဲတွေ ၊ KT Group, Ky-Ta Group ၊ Mega Hill General Trading ၊ Miya Win International နဲ့ Myanmar Chemical & Machinery (MCM)တို့ ပါဝင်ပါတယ်။

ဒါ့အပြင် အီးယူက အရေးယူဆောင်ရွက်ဖို့ ကြန့်ကြာနေတဲ့ တခြားအရေးပါတဲ့ စစ်လက်နက်ပွဲစားတွေအနက် International Gateways Group ၊ Star Sapphire Group ၊ Sky Aviator နဲ့ Synpex Shwe တို့လည်း ပါဝင်တယ်လို့ ဆိုထားပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “စက်တင်ဘာလ ၂၄ ရက်နေ့ က ထိုင်းနိုင်ငံမှာ ဖမ်းခံလိုက်ရတဲ့ ထွန်းမင်းလတ်ဟာ မြန်မာစစ်တပ် အတွက် လက်နက်ဝယ်ယူပေးနေသူ တစ်ဦးဖြစ်ပြီး သူနဲ့ ပတ်သတ်ဆက်နွယ်နေတဲ့သူတွေဟာ EU ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကနေ ကင်းလွတ်နေဆဲဖြစ်တယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စစ်ကိုင်းတိုင်း လက်ယက်ကုန်းကျေးရွာက ကလေးငယ်တွေ စာသင်နေတဲ့ စာသင်ကျောင်းကို ရဟတ်ယာဉ် နဲ့ ပစ်ခတ်ခဲ့လို့ ကလေးငယ် ၁၀ ဦးကျော်သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဟာ အာဏာသိမ်း စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေထဲက ကလေးငယ်အများဆုံး သေဆုံးခဲ့တဲ့ ဖြစ်စဉ် တခုဖြစ်တယ်လို့ Justice For Myanmar က ဖော်ပြပါတယ်။