မြန်မာ့အရေး မြန်မာပြည်သူသာ အဓိက

ဒီရက်ပိုင်းအတွင်း ခြေတံလက်တံရှည်ရှည်၊ခြေလှမ်းကျဲကျဲနဲ့ Justice For Myanmar ရဲ့ထုတ်ပြန်ချက် တွေက မြန်မာ့အရေးနဲ့ အာဆီယံအထိအစပ် စိတ်ဝင်စားသူတွေအတွက် ကျော်ဖတ်လို့မရအောင် လုပ်အားပြ နေပါတယ်။

Justice For Myanmar က စီးပွားရေးရာဇဝတ်ဂိုဏ်းလို့သုံးနှုန်းလိုက်တယ်။ဘယ်လိုစီးပွားရေးရာဇ ဝတ်ဂိုဏ်းလဲဆိုတော့ မြန်မာအာဏာသိမ်းစစ်အုပ်စုရဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေ၊ရက်စက် ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေကို ကြံရာပါအဖြစ်ပါဝင် ပတ်သက်နေတဲ့ အာဆီယံနိုင်ငံအစိုးရတွေ၊ကုမ္ပဏီ တွေ နဲ့ လူပုဂ္ဂိုလ်တွေကို ရည်ညွှန်းလိုက်ခြင်းဖြစ်တယ်။

တိုင်းပြည်ကိုသေနတ်ထောက် အာဏာသိမ်းခဲ့ရုံတင်မက ကိုယ့်ပြည်သူကိုယ် သေနတ်နဲ့ပစ်သတ်၊ လေယာဉ်နဲ့ဗုံးကြဲ၊စစ်ရှောင်စခန်းမှန်းသိလျက် မြေလှန်၊အ ရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ် ဖြတ်၊အဲဒီလို လူလုပ်ဖို့ရာပင်မကောင်းတဲ့ အကြမ်းဖက်စစ်အုပ်စုအတွက် မြန်မာပြည်သူတွေကိုသတ်ဖို့ လက် နက်တွေကျည်ဆန်တွေရောင်းချတာ၊ဒါမှမဟုတ်၊ သေနတ်တွေကျည်ဆန်တွေဝယ်နိုင်အောင် စီးပွားဘက်အ ဖြစ် စီးပွားဖြစ်အောင် တစ်နည်းနည်းနဲ့ပံ့ပိုးပေးနေတာကို Justice For Myanmarက စစ်အုပ်စုရဲ့ကြံရာပါတွေ လို့ ဆိုလိုက်တယ်။

အင်ဒိုနီးရှား နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းစုကြီး PT. Pindad ဟာ ၂၀၂၀ပြည့်နှစ်မှာ မြန်မာနိုင်ငံကို ကျည်ဆန်တွေတင်ပို့ခဲ့တယ်တဲ့။ ထိုင်းအစိုးရက ရှယ်ယာအများစုပါဝင်နေတဲ့ ထိုင်းကုမ္ပဏီ PTT Public Co. Ltd ရဲ့ ကုမ္ပဏီခွဲ တစ်ခုဟာ မြန်မာနိုင်ငံအတွင်း ဓာတ်ငွေ့ရှာဖွေထုတ်ယူရေး စီမံကိန်း အများအပြားမှာ လုပ်ငန်း ဆောင်ရွက်သူနဲ့ ရင်းနှီးမြှုပ်နှံသူ ဖြစ်နေတယ်တဲ့။ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် ဆက်သွယ်ရေးကုမ္ပဏီ Viettel Global ဟာ မြန်မာစစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးနဲ့အတူ မိုင်တဲလ်မှာ  ပူးတွဲရင်းနှီးမြှုပ်နှံ ထားတယ်တဲ့။ပြီးတော့ စင်ကာပူနိုင်ငံဟာ မြန်မာစစ်တပ်နဲ့ စစ်လက်နက်ပွဲစားတွေ အပါ အဝင် သူတို့မိတ်ဖက်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ဘဏ္ဍာရေးဆိုင်ရာဗဟိုချက်တစ်ခု ဖြစ်ပြီး ဥပမာ- မြန်မာ စစ်တပ်ထံ ငှားရမ်းခ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာပေးချေနေတဲ့ အိမ်ခြံမြေ ဖော်ဆောင်ရေး လုပ်ငန်းတစ်ရပ်အတွက် ဘဏ္ဍာငွေတွေရှာဖွေဖို့  Emerging Towns & Cities Singapore Ltd က စင်ကာပူ နိုင်ငံရဲ့ စတော့အိတ်ချိန်းကို အသုံးပြုခဲ့တယ်တဲ့…….။

အဲဒီလို မြန်မာစစ်အုပ်စုနဲ့ အာဆီယံနိုင်ငံတွေရဲ့ လက်နက်နဲ့စီးပွားရေး ပတ်သက်ရာပတ်သက် ကြောင်း တွေကို Justice For Myanmarကဖွင့်ချတယ်။ပြီးတော့ အာဆီယံအစိုးရတွေအနေနဲ့ အကြမ်းဖက်စစ် အုပ်စုကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ရေး အာဆီယံရဲ့မိတ်ဖက်နိုင်ငံတွေ ဖိအားပေးဖို့ လည်းတောင်းဆိုတယ်။

အာဆီယံက စစ်အုပ်စုကို ဒဏ်ခတ်ပိတ်ဆို့ဖို့ဆိုတာက သိပ်ဝေးလွန်းလှတယ်။ဘာပဲဖြစ်ဖြစ် အခုလို အာဆီယံအစိုးရတွေ ကုမ္ပဏီတွေရဲ့ စစ်အုပ်စုနဲ့ စီးပွားရေးအချိတ်အဆက်တွေကိုခြေခြေမြစ်မြစ်သိရတဲ့အ ခါ ကျတော့ သူတို့တစ်နိုင်ငံချင်းစီရဲ့အကျိုးစီးပွားတွေကို စွန့်ပြီး မြန်မာ့အရေးကိုပုံအောဖို့မဖြစ်နိုင်ဘူးလို့ ဆက်တွေးမိတယ်။

ပြီးတော့ အာဆီယံမူ၅ရပ်ကို လက်မခံဘဲ အာဆီယံရောနိုင်ငံတကာကိုပါ စိန်ခေါ်နေတဲ့ အကြမ်း ဖက်စစ်အုပ်စုကို အာဆီယံအစည်းအဝေးတက်ခွင့်ပိတ်ပင်ထားတာထက် ပိုပြီး အရေးယူမှုမရှိတာ အဲဒီအကျိုး စီးပွားတွေကြောင့်များလားလို့လည်း တွေးမိပြန်ပါတယ်။

မြန်မာ့အရေးကိုအာဆီယံတာဝန်ယူပါဆိုပြီး နိုင်ငံတကာအသိုင်းအဝိုင်းကပါ ပုံအပ်ထားလေတော့ မ လုပ်လို့လည်းမရ၊လုပ်တော့လည်း အလုပ်နဲ့တူအောင် မင်းအောင်လှိုင်ကိုလူရာမသွင်းတာလောက် အရေးယူပြ ၊ကျန်တာကတော့ ဖြည်းဖြည်းဆေးဆေး ဆက်သွားကြမယ်ဆိုတဲ့သဘောမျိုးလား။အာဆီယံက မြန်မာ့အရေး နဲ့ပတ်သက်ပြီး အင်မတန်အေးဆေးတာကတော့ သေချာတယ်။

NUGအစိုးရရဲ့ အာဆီယံဆိုင်ရာသံအမတ်ကြီး ဦးဘိုလှတင့်က အာဆီယံမူ၅ရပ်မှာ အချိန်ဇယားအတိ အကျမရှိတာ၊မူ၅ရပ်ကိုမလိုက်နာရင် ဘယ်လိုအရေးယူမလဲဆိုတာမျိုးမရှိတာကြောင့် မူ၅ရပ်ဟာ မအောင်မြင် ရခြင်းဖြစ်တယ်လို့ ဆိုတယ်။

အဲဒီလို အာဆီယံမူ၅ရပ်ရဲ့ အားနည်းချက်ကို အခုအာဆီယံဆိုင်ရာသံအမတ်ကြီးပြောသလို အရင့်အ ရင်ကလည်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတွေ အခါခါပြောခဲ့ပြီးဖြစ်တယ်။ဒါကိုအာဆီယံကလည်းသိသ လို မူ၅ရပ်စတင်ထွက်ပေါ်လာတဲ့ ၂၀၂၁ဧပြီ၂၄ကစလို့ အခု ၂၀၂၂ဖေဖေါ်ဝါရီ ၂၄ရက်ကျော်တဲ့အထိ မင်းအောင် လှိုင်က အဖက်မလုပ်တာကြောင့် ဘာမုန့်မှမကျက်တာ ၁၀လတိုင်ပြီဖြစ်တယ်။

ဒါပေမဲ့ ဒီနေ့ထိတိုင် အလုပ်မဖြစ်တဲ့မူ၅ရပ်ကို အလုပ်ဖြစ်အောင်ဘယ်လိုမွမ်းမံမလဲလို့ လုံးဝမစဉ်းစား ဘဲ မင်းအောင်လှိုင်အဆင်ပြေတဲ့အချိန်လိုက်နာပါဆိုတာမျိုး သားသတ်သမားကို ကျောသပ်ရင်သပ်နဲ့ ဖျောင်း ဖျနေခြင်းဟာ အာဆီယံရဲ့ အလုပ်လုပ်ချင်ယောင်ဆောင်နေခြင်းပဲလို့ ဆိုရပါမယ်။ပြီးတော့ မြန်မာ့အရေးအာ ဆီယံရဲ့ ပါဝင်ပတ်သက်မှု၁၀လတာအတွင်း မြန်မာပြည်သူတွေကို မင်းအောင်လှိုင်က စိတ်ကြိုက်သတ်ဖြတ်ပြ နေတာကို ငုတ်တုပ်ထိုင်ကြည့်နေနိုင်တာကလည်း မြန်မာ့အရေးအပေါ် အာဆီယံရဲ့ကြောက်မက်ဖွယ် နှုတ် ဆိတ်ရဲခြင်းပါပဲ။

အာဆီယံက အဲဒီလို မကောင်းတတ်လို့ လုပ်ပြချင်ယောင်ဆောင်နေတဲ့အချိန်မှာ အနောက်အုပ်စုက စစ်အုပ်စုကိုလူရာမသွင်းခြင်း၊NUGအစိုးရကို လူရာသွင်းခြင်းတင်မကလည်မျိုပါညှစ်နေတာ မြန်မာ့အရေးအ တွက်အားတစ်ရပ်ဖြစ်စေပါတယ်။ လည်မျိုညှစ်တယ်ဆိုတာက စစ်အုပ်စုရဲ့ရပေါက်ရလမ်း ဝင်ငွေတွေကို ရသလောက်လိုက်ပိတ်နေတဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ခြင်းပါပဲ။

အရင်ဒုတိယအာဏာရှင်လက်ထက် စီးပွားရေးပိတ်ဆို့မှုနဲ့မတူတာက ကမ္ဘာ နဲ့ချီ တဲ့ ကိုဗစ်ကပ်ရော ဂါကြောင့် တိုင်းပြည်ဖြူကာပြာကာကျနေတဲ့အချိန်မှာ အာဏာသိမ်းမှု၊နိုင်ငံရေး မတည်ငြိမ်မှုနဲ့စီးပွားရေး ပိတ်ဆို့မှုတွေ ကြောင့် စီးပွားရေးကိုပိုအထိနာနေစေခြင်းပါပဲ။

ဒီနေ့ကာလရဲ့နောက်ထပ်ထူးခြားချက်က စီးပွားရေးဖြူကာပြာကာကျနေချိန်မှာ တစ်တိုင်းပြည်လုံး အနှံ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ရဲ့ ခုခံကာကွယ်စစ်နဲ့ရင်ဆိုင်နေရတာပါ။

ဒါ့အပြင်ဖေဖေါ်ဝါရီ၂၁ရက်နေ့က ဥရောပသမဂ္ဂက နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ရာမှာ မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ပါဝင်လာခြင်းက အရေးပါတဲ့ခြေလှမ်းတစ်ရပ်လို့အပြော အဆိုတွေ ရှိလာတယ်။ ရေနံနဲ့သဘာဝဓာတ်ငွေ့ဟာ စစ်အုပ်စုအတွက်လက်ရှိအဓိကဝင်ငွေလို့လည်း ဆိုကြတယ်။ အဲဒီ ဝင်ငွေကို စစ် အုပ်စုဆီ မစီးအောင် လည်မျိုညှစ်ထားနိုင်ရင် ဘာတွေဖြစ်လာမလဲ။

အခုထိ ဒီမေးခွန်းရဲ့အဖြေကို စောင့်ကြည့်ရဦးမယ်လို့ပဲဖြေနိုင်မယ်ထင်တယ်။အခုဆိုရင်  မြန်မာ့စွမ်း အင်ကဏ္ဍ ရဲ့ အဓိကရင်းနှီးမြှုပ်နှံသူတစ်ဦး ဖြစ်တဲ့ ထိုင်းအစိုးရ အများစုပိုင်ဆိုင်တဲ့ PTT Exploration and Production Public Co. Ltd (PTTEP) ဟာမြန်မာနိုင်ငံကနေ ရင်းနှီးမြှုပ်နှံမှုတွေနုတ်ထွက်ဖို့ဆုံးဖြတ်ခဲ့ ပြီး ဖြစ်တဲ့ Total နဲ့ Chevron တို့နေရာမှာအစားဝင်နိုင်ခြေရှိတယ်ဆိုတဲ့သတင်းတွေကရှိနေပြန်တယ်။ဆိုတော့ အ နောက်အုပ်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် မြန်မာကိုကျောခိုင်းသွားတဲ့ရင်းနှီးမြှုပ်နှံမှုတွေနေရာမှာ အစား ထိုး ဝင် ရောက်လာမှာတွေကို ဘယ်လောက်ထိ ဟန့်တားနိုင်မလဲဆိုတာ ဒဏ်ခတ်ပိတ်ဆို့မှုအလုပ်ဖြစ်၊မဖြစ်နဲ့ တိုက်ရိုက်အချိုးကျနိုင်ပြီး နောက်ထပ်၆လ၊ တစ်နှစ်လောက်စောင့်ကြည့်ရဦးမယ်လို့ထင်ပါတယ်။

မြန်မာ့အရေးကို သတ္တုချကြည့်မယ်ဆိုရင် အာဆီယံဆီကနေ အခုချိန်ထိ နောက်ထပ်မျှော်လင့်စရာ မရှိသေးသလို မကြာမီကျင်းပမယ့် အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း ပူပူနွေးနွေးယူ ကရိန်းအရေးက အမေရိကန်ကိုခေါင်းရှုပ်နေစေတာမို့  မြန် မာ့အရေးအာဆီယံအသက်ဝင်လာအောင် ထိရောက်တဲ့ဖိအားပေးမှုတွေ သိပ်မျှော်လင့်လို့မရပါဘူး။

ဒါ့အပြင် နိုင်ငံတကာအခြေအနေ ရှုပ်ထွေးနေတဲ့အချိန်မှာ မြန်မာပြည်သူတို့ရဲ့ ခုခံတော်လှန်စစ် ကို အကြမ်းဖက်စစ်အုပ်စုက အပက်စက်ဆုံးဖြိုခွင်းနိုင်တယ်ဆိုတာ သတိကြီးကြီးထားရမှာဖြစ်သလို အခုလည်း စစ်ကိုင်းတိုင်းတခွင်၊မိုးဗြဲနဲ့ ဖယ်ခုံတို့မှာ လေကြောင်းပစ်ကူတွေလက်နက်ကြီးတွေနဲ့ အရပ်သားပစ်မှတ်တွေ ကိုရည်ရွယ်တိုက်ခိုက်နေသလို ရွာတွေမီးရှို့တာကိုလည်း အကြမ်းဖက်စစ်တပ်ရဲ့ဆိုးဂုဏ်နဲ့အညီ ရမ်းကား နေပါတယ်။

ပြောရမယ်ဆိုရင် အနောက်အုပ်စုရဲ့ လည်မျိုညှစ်ခြင်းဆိုတာ နာ၊မနာချက်ချင်းသိရှိခံစားရတာမျိုးမ ဟုတ်ဘဲ အချိန်တစ်ခုရောက်မှ ခံစားလာရခြင်းမျိုးဖြစ်ပါတယ်။ဆိုလိုတာက အခုမြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ထည့်ဝင်နေမှုဟာ အပြောင်းအလဲတစ်ခုချက်ချင်းဖြစ်ပေါ်စေမယ့်နည်းမဟုတ်ဘူးဆိုတာကို အ လေးအနက်ခံယူထားကြဖို့ပါပဲ။

နိုင်ငံတကာရဲ့ထည့်ဝင်မှုဟာ အခုအတိုင်းမပြောင်းမလဲသွားနေမလားဆိုတာကတော့ ကိုယ့်အပေါ် မူတည်ပါတယ်။ကိုယ့်ဘက်က အရေးပါတဲ့ အလှည့်အပြောင်းတစ်ခုပုံစံမျိုး ဖန်တီးနိုင်မှာသာ နိုင်ငံတကာရဲ့ ထည့်ဝင်မှု လိုက်လံပြောင်းလဲနိုင်ပါတယ်။

အရာအားလုံးဟာ ကိုယ့်အပေါ်မှာသာမူတည်ပါတယ်။ကိုယ့်ပြဿနာကိုယ်သာလျှင် အဓိက၊ ကိုယ့် ဘာသာဖြေရှင်းရမယ်ဆိုတဲ့ စိတ်ကို ကျစ်ကျစ်ပါဆုပ်ကိုင်ထားဖို့လိုပါတယ်။

လင်းခေတ်