ထိုင်းနိုင်ငံကို အလည်အပတ် လာရောက်သူတွေ အနေနဲ့ အောက်တိုဘာ လဆန်းကစလို့ ဆေးစစ်ထားတဲ့၊ ကာကွယ်ဆေး ထိုးထားတဲ့ စာရွက်စာတမ်းတွေ ပြသစရာ မလိုတော့ဘူးလို့ သိရပါတယ်။
အောက်တိုဘာ ၁ ရက်မှာ စတင်မယ့် စည်းမျဉ်း အပြောင်းအလဲအရ ကိုဗစ်ရောဂါ စွဲကပ်ထားပေမယ့် ရောဂါလက္ခဏာ မပြသသူတွေ၊ ဒါမှမဟုတ် လက္ခဏာ အပျော့စားလောက်သာ ပြသသူတွေဟာ သီးခြားခွဲပြီး နေထိုင်စရာ မလိုတော့ဘူးလို့လည်း ဆိုပါတယ်။
ဒီသတ်မှတ်ချက်တွေကို ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီး အနျူတင် ချန်ဗီရာကူလ်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကျင်းပတဲ့ ကူးစက်ရောဂါ ထိန်းချုပ်ရေး ကော်မတီ ညီလာခံမှာ ကြေညာသွားခဲ့ပါတယ်။
ကော်မတီ အနေနဲ့ ကိုဗစ်ကို သာမန် စောင့်ကြည့်ရမယ့် ကူးစက်ရောဂါ တစ်မျိုးအဖြစ် ပြင်ဆင် သတ်မှတ်ခဲ့ပြီး စည်းမျဉ်း အပြောင်းအလဲတွေဟာ ခရီးသွား ဧည့်သည်တွေ၊ ထိုင်းပြည်သူတွေနဲ့ လတ်တလော ရောဂါ စွဲကပ်နေသူတွေအပေါ် သက်ရောက်မှု ရှိစေမယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁ ရက်ကစလို့ ထိုင်းနိုင်ငံကို လာရောက်တဲ့ ခရီးသွား ဧည့်သည်တွေဟာ ကိုဗစ်ရောဂါအတွက် ဆေးစစ်မှု မှတ်တမ်းတွေ၊ ကာကွယ်ဆေး ထိုးထားတယ်ဆိုတဲ့ ထောက်ခံစာတွေ လိုအပ်တော့မှာ မဟုတ်ပါဘူး။
ရောဂါလက္ခဏာ အပျော့စားလောက်သာ ပြသသူတွေကလည်း သီးခြားခွဲနေဖို့ မလိုတော့ပေမယ့် တာဝန်ရှိသူတွေဆီက ရောဂါထိန်းချုပ်ရေး လမ်းညွှန်ချက်တွေကိုတော့ တိတိကျကျ လိုက်နာရမှာ ဖြစ်ပါတယ်။ အဲဒီ အချက်တွေထဲမှာ နှာခေါင်းစည်း ဝတ်ဆင်ဖို့၊ လူတွေနဲ့ တတ်နိုင်သမျှ ခပ်ခွာခွာနေဖို့၊ လက်ခဏခဏဆေးဖို့ စတာတွေကို ၅ ရက်တာ သတိထား ဆောင်ရွက်ရတာမျိုးတွေ ပါဝင်မှာပါ။
ဝန်ကြီး အညူတင်က ကော်မတီ အနေနဲ့ ကိုဗစ်ကို အန္တရာယ် ကြီးမားတဲ့ ကူးစက်ရောဂါဆိုတဲ့ သတ်မှတ်ချက်ကနေ စောင့်ကြည့်သင့်တဲ့ ကူးစက်ရောဂါ အဆင့်မျိုး ပြောင်းလဲ သတ်မှတ်ဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြောင်းလည်း ပြောပါတယ်။ ဒီပြောင်းလဲ သတ်မှတ်ချက်ဟာ အောက်တိုဘာ ၁ ရက်ကနေ လာမယ့်နှစ်၊ စက်တင်ဘာ လကုန်ထိ အကျုံးဝင်ပါမယ်။
ကိုဗစ်ဟာ လက်ရှိ အခြေအနေမှာ အရမ်းမပြင်းထန်တော့ဘဲ ရာသီတုပ်ကွေးဆန်ဆန် ပြောင်းလဲလာတယ်လို့ ယုံကြည်တဲ့အတွက် ကပ်ရောဂါ ထိန်းချုပ်ရေး အစီအမံတွေကို ဖြေလျှော့ဖို့ ပြင်ဆင်လာကြောင်း ထိုင်းနိုင်ငံရဲ့ ရောဂါထိန်းချုပ်ရေး ဗဟိုဌာန ဒုတိယ အကြီးအကဲ ဒေါက်တာ ဆိုဖွန် အီယမ်ဆီရီသာဝေါင်က ပြောပါတယ်။
စည်းမျဉ်း အသစ်တွေအရ လက်ရှိ ရောဂါဖြစ်နေတဲ့ သူတွေဟာ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ခံအား စနစ် အခြေခံ အားနည်းသူတွေနဲ့တော့ ခပ်ဝေးဝေး နေထိုင်ရမယ်လို့ လမ်းညွှန်ထားပါတယ်။ ရောဂါဖြစ်ပွားတာ ၅ ရက် ကြာမြင့်ပြီးရင်တော့ နောက်ထပ် ဆေးစစ်စရာ မလိုဘဲ ကိုဗစ် ကူးစက်မှု မရှိတော့ဘူးလို့ သတ်မှတ် ယူဆသွားမှာ ဖြစ်ပါတယ်။