စစ်ဘေးရှောင်ရတဲ့ဒုက္ခ

စစ်ဘေးရှောင်ရတဲ့ဒုက္ခဟာအလွန်ဆိုးပါတယ်။ ရှောင်တယ်ဆိုလို့လွတ်တယ်ဆိုတဲ့သဘော မဟုတ်ပါဘူး။ စစ်ကြောင်းထိုးလာပီဟေ့ … ဆိုရင် လက်လှမ်းမှီရာကောက်ဆွဲပြီးပြေးကြရတာပါပဲ။ ဘယ်ကိုပြေးတာလဲဆိုတော့ လွတ်မယ်ထင်တဲ့နေရာကိုပေါ့။လွတ်မှာသေချာလားဆိုတော့ ၅၀ ရာခိုင်နှုန်း သေချာတာပေါ့။

ညဘက် မှောင်လာလို့သာ အိပ်လိုက်တာ ဘယ်တော့ ထပြေးရမလဲ ဆိုတဲ့အတွေးကတစ်ည သုံးခါလောက် လန့်နိုးစေတာပါ။ မိုးရွာရင် ပိုဆိုးပါတယ်။ တစ်ညလုံးအိပ်မရတော့ပါဘူး။ မိုးကပက်၊ ခြင်တွေ ဖြုတ်တွေက ပေါနဲ့။​ လေအရမ်းပြင်းလို့ အမိုးတစ်ခုလုံးလွင့်ထွက် လန်ထွက်တာလည်း ခဏခဏ။ အမိုးပေါ်ရေတွေအိုင်လို့ တစ်ညလုံးထိုးချ​နေရ။မိုးယိုတော့ ရှိသမျှ ပိုင်ဆိုင်မှုတွေ မိုးမစို အောင်ထရွှေ့ရ။ စိတ်လား … ညစ်တာပေါ့။ ဒါပေမဲ့ဘာတတ်နိုင်မှာလဲ။

စားရတာကလား … ခွဲတမ်းရသလောက်ပေါ့။ တစ်ခါတစ်ခါအရမ်းရှားပါးတဲ့အခြေအနေတွေမှာ ငါးသေတ္တာတစ်ဗူးသုံးယောက်မျှ စားရတာမျိုးတွေ၊နှမ်းငါးပိ (အရင်က ကြားတောင်မကြားဖူး) တစ်ဇွန်းနဲ့ ထမင်းပြီးရတာမျိုးတွေ၊ဆန်ပြုတ်သောက်ရတာတွေ၊ တစ်ခါတစ်​လေ အခြေအနေ မကောင်းတဲ့အခါ “မီးခိုးမထွက်စေရ” ဆိုရင် ထမင်းတောင် ချက်လို့ မရတာမျိုး ရှိပါတယ်။

ရေဆိုရင်လည်း မိုးသည်းတဲ့အခါမျိုးမှာ တောင်ကျချောင်းရေတွေက ရွှံ့ရောင်ရေတွေဖြစ်ကုန်​တော့ ချက်ပြုတ်ရ အခက်တွေ့ပါသေးတယ်။ အသက်ဘေးလွတ်နေတာပဲ တော်လှပြီ၊ဘယ်လိုပဲ ဖြစ်ဖြစ် စားပေါ့လို့ မတွေးလိုက်ပါနဲ့။ တစ်ရက်နှစ်ရက်လည်းမဟုတ်တစ်ပတ်ဆယ်ရက်လည်းမဟုတ် ကြာလာတော့ လူတွေက စိတ်ဓာတ်ကျပြီးမျှော်လင့်ချက်မဲ့လာပါတယ်။ အဟာရမပြည့်တော့ နေမကောင်းဖြစ်ရင် တော်ရုံနဲ့ နာလန်မထူနိုင်၊အနာဖြစ်ရင် လည်းတော်ရုံနဲ့ ပြန်မကောင်းပါဘူး။ ဒီကြားထဲဆေးဝါးက ရှားပါးပါသေးတယ်။

တခြားဒုက္ခတွေလည်း အများကြီးပါ။ အိမ်သာဒုက္ခ၊ အမျိုးသမီးတွေ လစဥ်ရာသီလာရတဲ့ဒုက္ခ (လဲစရာ pad မရှိလို့ သုံးရက်လုံးလုံး pad တစ်ခုတည်းနဲ့ ပြီးခဲ့ရတာကတော့ကိုယ်တွေ့ …။ pad မရှိ လည်း တခြားတခုခုနဲ့ ခံလို့ပြောရင် အဝတ်အစားလဲစရာ တစ်စုံပဲရှိတဲ့လူက ဘာကိုစုတ်ဖြဲပြီး သုံးရ မလဲလို့ ပြန်မေးရပါလိမ့်မယ်)။ ရှားပါးတာက တကယ်ကိုရှားပါးတာပါ။ တစ်သျှူးဆိုတာ အဲဒီနေရာမှာ ဇိမ်ခံပစ္စည်းပါ။

အမြဲအဲလိုဖြစ်နေတယ်လို့တော့ မဆိုလိုပါဘူး။လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့အခါမျိုးကျ ရင်တော့ ကောင်းကောင်းမွန်မွန် စားရပါတယ်။ကောင်းကောင်းမွန်မွန် ဆိုတာ လက်ဖက်နဲ့ထမင်း နယ် ပြီး မြေပဲလေးငါးစေ့လောက်ဖြူးတာမျိုး၊အာလူးကြော်လေးပါတာမျိုး၊ ကံကောင်းရင် ငါးသေတ္တာ တစ်ယောက်တစ်ဗူး၊နှစ်ယောက်တစ်ဗူးရတာမျိုးကို ဆိုလိုတာပါ။ ကော်ဖီမစ်နဲ့ မုန့်ခြောက်ကလေးတွေ ကတော့ရတဲ့အခါ ရပါတယ်။

ဆေးပေါ့လိပ် တစ်ရက်ကို တစ်လိပ်၊ ဆေးလိပ်မသောက်တဲ့သူက ကော်ဖီမစ်နဲ့လဲပေါ့။ထမင်း စားရတာ မတင်းတိမ်ရင် ကွမ်းဝါးပေါ့။ တစ်ချို့နေရာတွေမှာ ကွမ်းပါရှားသေးတယ်။ တဘက်အကြီး ပါရင် လေးစိတ်ခွဲ အနားလုံးပီး လေးယောက်မျှသုံးကြရတယ်။ဆိုလာပြားလေးနဲ့ ဖုန်းအားလေး မစို့မပို့ သွင်းပြီး မြို့ပေါ်ဘာတွေဖြစ်နေလဲ စပ်စုရတယ်။ အားတဲ့အချိန်တွေမှာ ရှိတဲ့ စာအုပ်လေးတွေ လဲဖတ် ကြတယ်။ တောထဲမျှစ်ရှာထွက်ကြတယ်။ တချို့ဖားရှာ ငါးရှာတတ်တဲ့သူတွေ ထွက်ရှာကြ။ နှီးဖျာတတ် တဲ့သူတွေ ဝါးခုတ် နှီးဖျာကြ။ ဝါးနဲ့
ရေခွက်ကလေးတွေ ဘာလေးတွေလုပ် ရင်းနဲ့ အချိန်ကုန်အောင်နေ ရတယ်။

ဘယ်လိုနေနေအရေးကြီးဆုံးက တစ်ခုပဲ။ကောင်းကင်ကို အမြဲမော့ကြည့်နေဖို့။အဲဒါပဲ။

ဒရုန်းတွေ့ရင် ကိုယ်ရောင်ဖျောက်ကြ။လေယာဉ်သံ အမြဲနားစွင့်ထား။ မသေသေးရင် မသေသေးဘူးမှတ် ဒါပါပဲ။ဒုက္ခလား … မကြီးပါဘူး။
မသေသေးသရွေ့တော့ သုခပါပဲ။

ခုချိန်ထိ ဒုက္ခကို မုန့်လုပ်ပြီးစားနေသူများကို လေးစားလျက်။

မအိ

၃၁-၇-၂၀၂၂