စက်တင်ဘာ လဆန်းပိုင်းကစလို့ တိုက်ပွဲတွေ ဖြစ်နေတဲ့ မိုးဗြဲမြို့အပါအဝင် ကရင်နီဒေသတွင်းမြို့တွေမှာ လတ်တလော နေ့စဉ်လို တိုက်ပွဲတွေဖြစ်နေတာကြောင့် လက်နက်ခဲယမ်းနဲ့ ရိက္ခာအကူအညီလိုအပ်နေတယ်လို့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်တွေက အပြင်းအထန်ထိုးစစ်ဆင်နေတဲ့ မိုးဗြဲတိုက်ပွဲအတွက် လက်နက်ခဲယမ်းတွေ လိုအပ်နေတယ်လို့ မိုးဗြဲPDF က မနေ့ကထုတ်ပြန်သလို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က လည်း ရှေ့တန်းရောက်တပ်ဖွဲ့ဝင်တွေအတွက် ရိက္ခာ အကူအညီလိုအပ်နေတယ်လို့ ဒီကနေ့ စက်တင်ဘာ (၂၆) ရက်မှာ ထုတ်ပြန်ပါတယ်။
ကရင်နီဒေသအတွင်း မိုးဗြဲ၊ဒီးမော့ဆို၊ဖရူဆိုစတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ် ရေးတပ်ဖွဲ့ တွေ ကြားတိုက်ပွဲဖြစ်နေပြီး ထောင်ချီတဲ့ ရှေ့တန်းရောက်တပ်ဖွဲ့ဝင်တွေအတွက် ရိက္ခာလိုအပ်ချက်ကလည်း နေ့စဉ်နဲ့အမျှမြင့်တက်နေတယ်လို့ KNDF က ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ စစ်မြေပြင် ဗျူဟာတွေများနေတဲ့အပြင် ရိက္ခာဈေး နှုန်းတွေကလည်း မြင့်တက်နေတာကြောင့် ဖူလုံဖို့အတွက် ရုန်းကန်နေရတာဖြစ်တယ်လို့ သူကဆိုပါတယ်။
“ဆန်က လုံလောက်မှုရှိပေမယ့် ကုန်ခြောက်တွေက မဖူလုံသေးတော့ ကောင်းကောင်း သိပ်မစားရဘူး၊ကျွန်တော် တို့ ရဲဘော်တွေ စိတ်ဓါတ်လုံးဝ မကျပါဘူး၊ဒီအခက်အခဲအားလုံးကိုလည်း ကျွန်တော်တို့ ပြည်သူတွေရဲ့ အကူအညီ နဲ့ ဖြေရှင်းနိုင်မယ်ဆိုတာကိုလဲယုံကြည်ပါတယ်” လို့KNDFဗဟိုသတင်းနဲ့ပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိ ကရင်နီဒေသတွင်း မြို့နယ်အသီးးသီးက တိုက်ပွဲတွေမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်တွေလည်း ပါဝင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
အလားတူ စက်တင်ဘာ ၈ရက်ကစလို့ တိုက်ပွဲတွေတောက်လျှောက်ပြင်းထန်နေတဲ့ မိုးဗြဲမြို့ ကာကွယ်ရေးတပ်ဖွဲ့ တွေအနေနဲ့လည်းခဲယမ်းတွေ အရေးတကြီးလိုအပ်နေလို့ ကူညီပေးကြဖို့ ထုတ်ပြန်တောင်းဆိုထား ပါတယ်။
မိုးဗြဲ PDF အဖွဲ့က အရေးပေါ်ကူညီပေးဖို့တောင်းဆိုတဲ့အထဲမှာ ရိုင်ဖယ်ကျည်၊စနိုက်ပါကျည်နဲ့ ပခုံးထမ်းလောင်ချာဖြစ်တဲ့ RPGကျည်တွေ ပါဝင်ပါတယ်။