မြန်မာ့ငြိမ်းချမ်းရေးအပေါ် နိုင်ငံတကာ ပိုမိုအာရုံစိုက်ဖို့ ပုပ်ရဟန်းမင်းကြီး တောင်းဆို

Photo – ABC

မြန်မာပြည်သူတွေ ကြုံတွေ့ခံစားနေရတဲ့ မငြိမ်းချမ်းတဲ့ အခြေအနေတွေအပေါ် နိုင်ငံတကာက ပိုပြီးအာရုံစိုက်ဖို့ ပုပ်ရဟန်းမင်းကြီးက တောင်းဆိုသွားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မာတီရာမြို့က ဝတ်ပြု ဆုတောင်းပွဲ တစ်ခုမှာ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ ဘေးဒုက္ခ အခြေအနေတွေနဲ့ ပတ်သက်လို့ ထည့်သွင်း မိန့်ကြားသွားခဲ့တာ ဖြစ်ပါတယ်။ စစ်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ဆင်းရဲဒုက္ခတွေ ခံစားနေရရှာတဲ့ မြန်မာပြည်သူတွေအပေါ် ကမ္ဘာကြီးက မေ့ဖျောက်မထားဖို့၊ မျက်ကွယ်ပြုမထားဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။

၂ နှစ်လောက်အတွင်း မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး အကျိုးဆက် အနေနဲ့ သေဆုံးမှုတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးရတာတွေ အများကြီး ရှိခဲ့ကြောင်း ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပွဲ အစီအစဉ် မစခင်မှာ မိန့်ကြားပါတယ်။ ပြီးတော့ လက်ယက်ကုန်းရွာမှာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းတစ်ကျောင်းမှာ စာသင်နေတဲ့ ကလေးငယ်တွေ သေဆုံးရတဲ့ ဖြစ်စဉ်ကိုလည်း ပုပ်ရဟန်းမင်းကြီးက ထည့်သွင်းရည်ညွှန်း ပြောဆိုသွားခဲ့ပါတယ်။

“ဗုံးကြဲတိုက်ခိုက် ခံရတဲ့ စာသင်ကျောင်း တစ်ခုက ကလေးငယ် သေဆုံးမှုကြောင့် သောကပင်လယ်ဝေပြီး ငိုကြွေးသံတွေအကြောင်း အခုသီတင်းပတ်ထဲမှာ ကြားသိခဲ့ရတယ်”လို့ ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။ ကလေးငယ်တွေရဲ့ နာနာကျင်ကျင် ငိုကြွေးသံတွေဟာ လူအများ သတိမမူဘဲ တိုးတိတ်ပျောက်ကွယ်သွားတာမျိုး မဖြစ်သင့်ကြောင်း၊ ဒီလို ကြေကွဲစရာ ကိစ္စမျိုးတွေဆိုတာ လုံးဝ ရှိမလာသင့်ကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက မိန့်ပါတယ်။

မျက်မှောက်ကာလ စစ်ပွဲတွေမှာ စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုးက ခေတ်စားသလိုတောင် ဖြစ်လာနေကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက ရှုတ်ချသွားပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ အဲဒီဆုတောင်းပွဲမှာ မြန်မာအပြင် ယူကရိန်းနဲ့ ကင်မရွန်း နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေး အတွက်လည်း နိုင်ငံတကာ အာရုံစိုက်မှုတွေ ပိုမိုရရှိဖို့ တောင်းဆိုပေးသွားခဲ့ပါတယ်။

အသက် ၈၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အာဂျင်တီးနား နိုင်ငံသား ဖရန်ဆစ်ဟာ ၂၀၁၃ ခုနှစ်၊ နှစ်ဆန်းပိုင်းကစလို့ ရိုမန် ကက်သလစ် ခရစ်ယာန် သာသနာရဲ့ အကြီးအမှူးအဖြစ် တင်မြှောက် ခံခဲ့ရပါတယ်။ ပုပ်ဖရန်ဆစ်ဟာ မြန်မာနိုင်ငံကို အလည်အပတ် ခရီးစဉ် လာရောက်ဖူးတဲ့ တစ်ဦးတည်းသော ပုပ်ရဟန်းမင်း အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။