ချင်းပြည်နယ် မတူပီမြို့မှာ လတ်တလော ရက်ပိုင်းအတွင်း တိုက်ပွဲတချို့ရှိလာပြီးနောက် စစ်တပ်က မြို့ကို အဝင်အထွက်ပိတ်ထားပြီး လုံခြုံရေးတင်းကျပ်နေတယ်လို့ မြို့ခံတွေက DNA ကိုပြောပါတယ်။
“မြို့ပေါ်မှာဆေးခန်းသွားပြတာ ပြန်လာလို့မရဘူး၊ မြို့အ၀င်အထွက်အကုန်ပိတ်တယ်၊ အလံနီတွေထောင်ထားကြ တယ်”လို့ မတူပီမြို့ပေါ်ကို ဆေးခန်းသွားပြပြီးနောက် ရွာကိုပြန်လို့မရဖြစ်နေတဲ့ ဒေသခံတဦးက ပြောပါတယ်။
ရွာကိုပြန်ဖို့အတွက် မြို့ပေါ်က အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို သွားရောက်မေးမြန်းစုံစမ်းခဲ့ပေမယ့် ပြန်ခွင့်မပြု ဘူးလို့ ဆိုတာကြောင့် မပြန်ရတာဖြစ်တယ်လို့ သူကပြောပါတယ်။
မတူပီမြို့နဲ့ နှစ်မိုင်ဝန်းကျင်အကွာက စစ်တပ်စခန်းကို မတူပီ CDF က စက်တင်ဘာ ၁၉ရက်မှာ တိုက်ခိုက်ခဲ့ပြီး နောက် ရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီက မတူပီမြို့ပေါ်ကပြည်သူတွေကို မြို့ပြင်ထွက်ခွင့်မပေးသလို မြို့ပြင် ကျေးရွာတွေကဒေသခံတွေကိုလည်း မြို့ထဲဝင်ခွင့်မပေးတော့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြို့အဝင်စစ်တပ်စစ်ဆေးရေးဂိတ်တွေမှာလည်း အလံနီတွေထောင်ထားတာကြောင့် ဖြတ်သန်းသွားတဲ့ ဘယ်သူကိုမဆို ပစ်ခတ်ခံရမယ်လို့ မြို့ခံပြည်သူတွေကြား သတင်းတွေပျံ့နှံ့နေပါတယ်။
မတူပီမြို့နဲ့ မြို့ပတ်ဝန်းကျင်မှာ လအနည်းငယ်ကြာ တိုက်ပွဲတွေမရှိခဲ့ဘဲ အခုလ ၁၉ ရက်နေ့မှာတော့ မတူပီCDF က မြို့နဲ့နှစ်မိုင်ဝန်းကျင်အကွာက စစ်တပ်စခန်းကို တိုက်ခိုက်ခဲ့ပါတယ်။ မင်းတပ်-မတူပီလမ်းကို စစ်ကောင်စီက ပိတ်ဆို့ထားတဲ့အတွက် လက်တုံ့ပြန်တာလို့ဆိုတဲ့ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ခြောက်ဦးသေပြီး ရှစ်ဦး ဒဏ်ရာရတယ်လို့ CDF-မတူပီက ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်တွေဘက်ကလည်း စစ်ရေးတုံ့ပြန်မှုတွေရှိလာပြီး မတူပီ-ဟားခါးလမ်း ဘက် ကိုစစ်ကြောင်းထိုးလာတာ ကြောင့် စက်တင်ဘာ (၂၄) ရက်နဲ့ (၂၅) ရက်တွေမှာ မတူပီမြို့ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပါတယ်။
အဲ့ဒီနှစ်ရက်ဆက် တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၇ဦးထက်မနည်းသေပြီး၊ ရှစ်ဦးထက် မနည်းဒဏ်ရာ ရ တယ်လို့ CDF မတူပီက ထုတ်ပြန်ထားပါတယ်။CDF မတူပီဘက်ကတော့ တဦးပြင်းထန်ဒဏ်ရာရထားတယ် လို့ဆိုပါတယ်။