ယူအေအီးကို အဆင့်မြင့် လေကြောင်းကာကွယ်ရေးစနစ် ရောင်းချပေးဖို့ အစ္စရေး သဘောတူ 

Photo- Defence Blog

အာရပ်နိုင်ငံ တစ်ခုဖြစ်တဲ့ ယူအေအီးဆီ နည်းပညာမြင့် လေကြောင်း ကာကွယ်ရေး စနစ်တစ်ခု ရောင်းချပေးဖို့ အစ္စရေးက သဘောတူညီလိုက်ပါတယ်။

ဒါဟာ ၂၀၂၀ ပြည့်နှစ်မှာ အစ္စရေးနဲ့ ယူအေအီးတို့ကြား တရားဝင် သံတမန် ဆက်ဆံရေး ပြန်လည် စတင်လာတဲ့နောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်တိုက် အရှိန်မြှင့်နေတယ်ဆိုတဲ့ အထောက်အထား တစ်ခုပါပဲ။ ယူအေအီးဟာ အစ္စရေးဆီက Spyder အမျိုးအစား ရွေ့လျား လေကြောင်းကာကွယ်ရေး စနစ်ကို ဝယ်ယူသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အာရပ်နိုင်ငံတွေဟာ ပါလက်စတိုင်း အရေးနဲ့ ပတ်သက်လို့ အစ္စရေးအပေါ် ရန်သူလို ဆက်ဆံခဲ့ပေမယ့် အခုတော့ အမျိုးသား အကျိုးစီးပွားကို အလေးထားပြီး အစ္စရေးနဲ့ ဆက်ဆံရေး သင့်မြတ်အောင် ပြန်တည်ဆောက်စ ပြုလာပါတယ်။

နောက်ပြီး အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ အစ္စရေးရော၊ ယူအေအီးမှာပါ တူညီတဲ့ စိုးရိမ်မှုတစ်ခု ရှိနေကြပြီး အဲဒါကတော့ ရန်သူတော် အီရန်က နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်သွားမှာကိုပါ။ အီရန်ရဲ့ ခြိမ်းခြောက်မှုကြောင့်လည်း အစ္စရေးဟာ ယူအေအီး၊ ဆော်ဒီအာရေးဘီးယားတို့လို အာရပ်နိုင်ငံတွေနဲ့ ပိုပြီး နီးစပ်လာပါတယ်။

အခုရောင်းချပေးမယ့် Spyder လေကြောင်း ကာကွယ်ရေး စနစ်ကို အစ္စရေး စစ်လက်နက် နည်းပညာ ကုမ္ပဏီက ထုတ်လုပ်ပြီး ၂၀၀၅ ခုနှစ်မှာ စတင် အသုံးပြုလာပါတယ်။ Spyderဟာ အနိမ့်ပျံသန်းလာတဲ့ ဒုံးကျည်တွေကို ကြားဖြတ် ဟန့်တားရာမှာ အထူးထိရောက်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ အရင်က ယူအေအီးဟာ လေပိုင်နက်ထဲ ချဉ်းကပ်လာတဲ့ ဒရုန်းတွေကို ကြားဖြတ်ပစ်ချတဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေကိုလည်း အစ္စရေးဆီက နှစ်ကြိမ် ဝယ်ယူခဲ့ဖူးပြီးပါပြီ။

ယူအေအီးဟာ အခုနှစ်ဆန်းပိုင်းက အီရန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ယီမင်အခြေစိုက် ဟိုသီသူပုန်တွေရဲ့ ဒုံးကျည်နဲ့ ဒရုန်းတွေ အသုံးပြု တိုက်ခိုက်မှုကို ကြုံခဲ့ရတဲ့နောက် လေကြောင်း ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ဖို့ ကြိုးစားလာတာပါ။ ယူအေအီးရဲ့ ရှိရင်းစွဲ ဒုံးခွင်းဒုံး စနစ်တွေက တိုက်ခိုက်မှု အများစုကို ဟန့်တားနိုင်ခဲ့ပေမယ့် တစ်ကြိမ်မှာတော့ မအောင်မြင်ခဲ့ဘဲ အဘူဒါဘီမြို့က ယူအေအီးနိုင်ငံသား ၃ ယောက် သေဆုံးခဲ့ပါတယ်။

ဟိုသီတွေရဲ့ လေကြောင်း တိုက်ခိုက်မှုတွေက ယူအေအီး အစိုးရကို အကြီးအကျယ် လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့ပါတယ်။ ယူအေအီးဟာ ပြဿနာ ရှုပ်ထွေးလှတဲ့ အရှေ့အလယ်ပိုင်း ဒေသမှာ အတည်ငြိမ်ဆုံး၊ အလုံခြုံဆုံး၊ အဖွံ့ဖြိုးဆုံး နိုင်ငံတစ်ခုအဖြစ် ဂုဏ်ယူနေခဲ့တာပါ။ ဟိုသီတွေရဲ့ တိုက်ခိုက်မှုကြောင့် အဘူဒါဘီ လေဆိပ်က ဆောက်လုပ်ဆဲ ဆိုက်ရောက် ဧရိယာ တစ်ခုလည်း ပျက်စီးပြီး အရပ်သား ဆောက်လုပ်ရေး ဝန်ထမ်းတွေ ဒဏ်ရာရခဲ့ဖူးပါတယ်။

ယူအေအီးရဲ့ လက်ရှိ လေကြောင်း ကာကွယ်ရေး စနစ်တွေဟာ အနိမ့်ပျံလာတဲ့ ဒုံးကျည်နဲ့ ဒရုန်းတွေကို ဖျက်ဆီးရာမှာ လစ်ဟာမှုတချို့ ကြုံခဲ့ပါတယ်။ ယူအေအီးဟာ အမေရိကန်ရဲ့ THAADနဲ့ Patriot လေကြောင်း ကာကွယ်ရေး စနစ်တွေကို ဝယ်ယူ ဖြန့်ကျက်ထားပြီး အဲဒီ စနစ်တွေဟာ အမြင့်က ပျံသန်းလာတဲ့ ရန်သူ့လက်နက်တွေကိုတော့ အထိရောက်ဆုံး တားဆီးပစ်နိုင်ပါတယ်။ အခုတော့ THAADရဲ့ အားနည်းချက်ကို ယူအေအီးက Spyderရဲ့ အားသာချက်နဲ့ ပံ့ပိုးဖာထေးသွားမယ့် သဘောပါ။

Rafael ကုမ္ပဏီက Spyderဟာ ကျယ်ဝန်းတဲ့ ဧရိယာမျိုးကို ဒရုန်း၊ ပဲ့ထိန်းဒုံး၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ဗုံးကြဲလေယာဉ်တွေ အနိမ့်ကရော၊ အမြင့်ကပါ ချဉ်းကပ်လာတာကို ကြားဖြတ် ပစ်ချနိုင်ကြောင်း ကြေညာထားပါတယ်။

Ref: Al Jazeera