“မလုပ်ရဲတာ ဘာမှမရှိဘူး”ဆိုတဲ့စကားနဲ့အတူ ၂၁ ရာစုထဲမှာ အာဂသတ္တိပိုင်ရှင်တစ်ယောက်ပေါ်ထွက်လာခဲ့ပါတယ်။
သူကတော့ မြန်မာ့သတ်မတော်ကာကွယ်ရေးဦးစီးချုပ်(သတ်ချုပ်)ရာထူးကို သက်တမ်းကျော်နေတဲ့အထိ ဆုပ်ကိုင် ထားဆဲဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမအလပါပဲ။ သူဟာဆိုရင် သတ်ချုပ်ရာထူးတင်မက နိုင်ငံ့အကြီးအကဲရာထူးကိုပါ ရူးလာခဲ့သူဖြစ်ပါတယ်။
အဲဒီအာဏာရူးရောဂါ ရင့်သန်လာရာကနေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံ့အာဏာကိုအတင်းအဓမ္မသိမ်းပိုက် အရယူလိုက် ပါတယ်။ “မလုပ်ရဲတာ ဘာမှမရှိဘူး”စကားနဲ့အညီ တိုင်းပြည်နဲ့လူထုကို အမှောင်ထုထဲ သတ္တိရှိရှိဆွဲသွင်းခဲ့သူပေါ့။ အနှီဗိုလ်ချုပ်မှူးကြီး မအလဟာ အာဏာသိမ်းပြီးနောက် မြေအောက်ခန်းလူမသိသူမသိနေရာတစ်ခုမှာသူ့အသက် အန္တရာယ် လုံခြုံရေးအတွက် အချိန်ကာလတစ်ခုအထိ ခိုအောင်းနေခဲ့တဲ့အာဂသတ္တိအထူးရှိသူဖြစ်ပါတယ်။ အဲဒီ့လို ပုန်းအောင်နေတဲ့နေရာကနေပဲ “ငါ့ရဲဘော်တွေ ရဲရဲတိုက်”၊
“ရဲရဲချေမှုန်း”၊ “ငါ့ကိုဆန့်ကျင်သူတွေ တစ်ယောက်မှ အလွတ်မပေးနဲ့”ဆိုတဲ့ရဲရဲတောက်မိန့်ခွန်းတွေကိုလည်း ဂူအောင်းရင်း ထုတ်ဆင့်ခဲ့သေးသပေါ့။
သူ့ကိုယ်မှာဆိုရင်လည်း ကျည်ကာအင်္ကျီကြီးကို မချွတ်တမ်းဝတ်ဆင်ထားပြီးလုံခြုံမှုအပြည့်ယူထားသေးတာ။ တိုက်ပုံအင်္ကျီဝတ်ရင်တောင် ကျည်ကာကို မချွတ်ရဲဘဲအတွင်းကနေရုပ်ပျက်ဆင်းပျက်ဖုဖောင်းထွက်နေတဲ့အထိ မြင်တွေ့ခဲ့ကြရပြီးဖြစ်တယ်။ဘုန်းတော်ကြီးတွေနဲ့တွေ့ချိန်မှာတောင် အဲဒီကျည်ကာအင်္ကျီကြီး တကားကားနဲ့ပေါ့။ ညအိပ်ရင်တောင်ချွတ်အိပ်ပါ့ မလားလို့ ကိုရင်တို့ ဆောကြာခဲ့ကြသေးမဟုတ်လား။ အဲ့ဂလောက်အထိ အာဂသတ္တိအစွမ်းရှိတဲ့ ဗိုလ်ချုပ်မှူးကြီး မအလပေပဲလို့ သတ္တိအရာမှာ ထောပနာပြုခံရသူပေါ့။ ဒါတင်ပဲလားဆိုတော့ ဘယ်ကမလဲ။ သူအာဏာသိမ်းပြီးနောက် အဲဒီ “မလုပ်ရဲတာ ဘာမှမရှိဘူး”ဆိုတဲ့စကား အတိုင်း မြန်မာပြည်တနံတလျား သွားပြမဟဲ့ဆိုပြီး အထက်ကိုဆန်တက် ပူတာအိုဆီခရီးဦးတည်ချိန် ကိုကြီးဂွမ် ဘက်ကလည်း တက်ရဲတက်ခဲ့ လက်နက်ကြီး၊ လက်နက်ငယ်ကြိုက်သဟာသာ ရွေးပေါ့ဆိုလို့ အသာကုတ်ကုတ် နောက်ပြန်ဆုတ်ခဲ့ရသေး မဟုတ်လား။ အဲဒီအရပ်ခေါင်းပြန်မလှည့်ရဲတာ အခုအချိန်ထိပဲဆိုပါတော့။
အနှီဗိုလ်ချုပ်မှူးကြီးမအလအမှူးရှိတဲ့ သူ့ရဲ့ခါးပိုက်ဆောင်တပ်ဟာဆိုရင်လည်း အာဂသတ္တိတွေနဲ့ပြည့်လျှံနေတဲ့ မြန်မာ့သတ်မတော်ဆိုတဲ့အဖွဲ့အစည်းကြီးတစ်ရပ်ပါပဲ။အာဏာသိမ်းအဦးအစကာလ ပလာတာလု၊ ထမင်းထုတ်လု၊ စတိုးဆိုင်ဖောက်၊ ကားလု၊ ဆိုင်ကယ်လုလို့ “သေရဲတဲ့ကောင်ထွက်ခဲ့”ရယ်လို့ လက်နက်ကြီးတွေကိုင်ပြီး ခြိမ်းခြောက်နိုင်စွမ်းရှိခဲ့ကြသပေါ့။
ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်ကြတဲ့ အပြစ်မဲ့ပြည်သူကို လက်နက်ကြီး၊ လက်နက်ငယ် အသွယ်သွယ်နဲ့နိုင်လိုမင်းထက် ပြုခဲ့ကြသေးတဲ့ အာဂသတ္တပိုင်ရှင်များအဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။ဒါ့အပြင်ရှိသေးတာကတော့ ရွာတွေကို မီးတိုက်၊ အိမ်တွေကို မီးရှို့၊ မိန်းကလေးကြီးငယ်အသွယ်သွယ်ကိုအဓမ္မ ပြုကျင့်၊ နောက်ဆုံး မိန်းကလေးတင်မက ယောကျ်ားချင်းတောင် မဖွယ်မရာပြုကျင့်လာတဲ့အထိ
“မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုတဲ့စကားနဲ့အညီ အာဂသတ္တိတွေ ထုတ်ပြခဲ့ကြသေးတာပေါ့။
အခုဆိုရင် အနှီဗိုလ်ချုပ်မှူးကြီးမအလအမှူးပြုတဲ့ သတ်မတော်ဟာဆိုရင် အာဏာဖီဆန်သူပြည်သူလူထုအပေါ် အဲဒီ့လို အာဂသတ္တိတွေနဲ့ အစွမ်းပြခဲ့ကြတာမို့ သတ်မတော်သားတစ်ဦးချင်းစီရဲ့ရင်ဘတ်ပေါ်မှာ ဂုဏ်ထူးဆောင် တံဆိပ်တွေကို ချီးမြှင့်တပ်ဆင်ခြင်းခံကြရပြီဖြစ်ပါတယ်။
အဲဒီဘွဲ့တံဆိပ်အမည်ကတော့ “မအလ” ဖြစ်ပြီး တံဆိပ်ရဲ့အောက်ခြေမှာတော့ “မလုပ်ရဲတာဘာမှမရှိဘူး”ဆိုတဲ့ စာတန်းကိုလည်း ရေးထွင်းဖော်ပြထားပါသေးတယ်။အဲဒီတံဆိပ်ကို ရပိုင်ခွင့်ရှိသူတွေကတော့ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ပျိုပျိုအိုအို၊ ကြီးကြီးငယ်ငယ် အရွယ်မရွေး မိန်းကလေးတိုင်းကို မုဒိမ်းကျင့်ရဲသူ၊ လက်နက်အားကိုး မိုက်ကြေးခွဲရဲသူ၊သက်ကြီးရွယ်အိုကနေ ကလေးငယ်တွေ အထိ အပြစ်မဲ့ပြည်သူအပေါ် နည်းမျိုးစုံသုံး ညှင်းပန်းနှိပ်စက်သတ်ဖြတ်ရဲသူ၊ ရွာတွေကို မီးတင်ရှို့ရဲသူ၊ အို…တစ်ခုချင်းပြောနေ ပြီးမယ်မထင်ပါဘူး။ အဲဒါတွေကိုချုပ်ပြောနိုင်မယ့် စကားသုံးရမယ်ဆိုရင်တော့ ဤဇမ္ဗူမှာ အယုတ်မာနိုင်ဆုံး၊ အကောက်ကျစ်နိုင်ဆုံး၊ အမိုက်ရိုင်းနိုင်ဆုံးသူတွေသာ ဒီဂုဏ်ထူးဆောင်ဆုတံဆိပ်ကို လက်ခံရရှိ မှာဖြစ်ပါတယ်။
ဒီတော့ ဒီဆုတံဆိပ်ကိုတော်ရုံလူရပါ့မလားလို့ တွေးပူနေကြတယ်မဟုတ်လား။ တွေးမပူကြပါနဲ့။ အဲဒီဂုဏ်ထူးဆောင် ‘မအလ’ တံဆိပ်ကို သတ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမအလကစပြီး သူ့ရဲ့ သတ်မတော် တွင်းက သတ်မတော်သားအများစုဟာ ဒီဆုတံဆိပ်နဲ့ထိုက်တန်သူများအဖြစ်တည်ရှိနေပါပြီ။
ဟော…ပြောတုန်းဆိုတုန်းရှိသေး ဗိုလ်ချုပ်မှူးကြီးမအလရဲ့ သတ်မတော်ကြီးဟာစစ်ဆင်ရေးကြီးတစ်ခုကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြန်ပြီတဲ့။ အတော့်ကိုရွတ်ရွတ်ချွံချွံဆင်နွှဲလိုက်ရတဲ့ စစ်ဆင်ရေးလို့လဲ ဆိုပါတယ်။ဘယ်လိုစစ်ဆင်ရေးလဲဆိုတော့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာကစာသင်ကျောင်းတစ်ခု ထဲက ခဲတံကိုင်ကျောင်းသားကလေးငယ်လေးတွေကိုရွပ်ရွပ်ချွံချွံဝင်ရောက်စီးနင်းတိုက်ခိုက် ချေမှုန်းရတဲ့ စစ်ဆင် ရေးပါတဲ့။အဲဒီ့ကျောင်းမှာ ခဲတံကိုင်စာသင်နေကြတဲ့ ကလေးငယ်တွေကို ဝေဟင်ကနေ လေယာဉ်နဲ့ပစ်၊မြေပြင်ကနေ သေနတ် ကိုယ်စီနဲ့ပစ်ပြီး နင်လားငါလား အသည်းအသန်ချေမှုန်းတိုက်ခိုက်ကြရတဲ့စစ်ဆင်ရေးပါတဲ့။
ဘယ်လောက်အထိလဲဆိုရင် တစ်နာရီလောက်ကြာတဲ့အထိ ဆက်တိုက်လက်နက်ကြီးတွေနဲ့ပစ်၊စက်သေနတ် တွေနဲ့ပစ်၊ ဝေဟင်ကနေလည်းပစ်၊ မြေပြင်ကနေလည်းပစ်ပြီး ချေမှုန်းကြရပါသတဲ့။မဟာ့မဟာသတ္တိခဲ၊ သတ္တိထူးတွေပိုင်ဆိုးတော်မူကြတဲ့ ဗိုလ်ချုပ်မှူးကြီးမအလဦးစီးတဲ့ သတ်မတော်ကြီးရဲ့စစ်ဆင်ရေးကြီးပေါ့ခင်ဗျာ။
အဲဒီကျောင်းမှာ စာသင်နေတဲ့ အသက်(၇)နှစ်ကနေ (၁၄)နှစ်အတွင်းသာရှိကြသေးတဲ့ ခဲတံကိုင်ကလေးငယ်လေး တွေခမြာ ခေါင်းပြတ်သူပြတ်၊ အူပွင့်သူပွင့်၊ လက်ပြတ်သူပြတ်၊ခြေထောက်ပြတ်သူပြတ်၊ ယောက်ျားအင်္ဂါ ပြတ်ထွက်သူထွက်နဲ့ အသက်ပေးကြ၊ ထိခိုက်ကြရတဲ့အထိဆင်နွှဲလိုက်ကြတဲ့ စစ်ဆင်ရေးပါတဲ့။ မြန်မာ့သတ် မတော်ကြီးရဲ့ ကမ္ဘာ့အံ့ဖွယ် စစ်ဆင်ရေးကြီးလို့တောင်မှတ်တမ်းပြုရပါလိမ့်မယ်။
အနှီဗိုလ်ချုပ်မှူးကြီးမအလနဲ့ သတ်မတော်သားများဟာလည်း အဲဒီစစ်ဆင်ရေးကအပြန်မှာ အနှီ‘မအလ’ တည်း ဟူသော ဂုဏ်ထူးဆောင်ဆုတံဆိပ်တွေကို ရရှိပိုင်ဆိုင်ကြဦးမှာလို့ဆိုပါတယ်။အဲဒီဆုတံဆိပ်ချီးမြှင့်ပွဲအခမ်းအနားမှာတော့ “ငါက ဘယ်ကလေးကို ဘယ်လက်နက်ကြီးနဲ့ပစ်ခတ်ချေမှုန်း ပစ်တာ ကွ”၊ “ငါကတော့ ဘယ်ကလေးကို ဘယ်လို ချိန်ရွယ်ပစ်ခတ်ပြီးအဆုံးစီရင်ပစ်တာကွ”၊ “ငါကတော့ ပါးစပ်ကတောင် ဘယ်လိုဆဲရေးတိုင်းထွာပြီးအကြမ်းပတမ်းပစ်ခတ်ပစ်တာကွ” ဆိုတဲ့ သတ္တိဂုဏ်ပြောင်တဲ့စကားတွေကိုလည်း ဗိုလ်ချုပ်မှူးကြီးမအလဦးစီးတဲ့ သတ်မတော်ကြီးအောက်က သတ်မတော်သားတွေ ဂုဏ်ယူဝံ့ကြွားစကားဆိုနေကြ ဦးမှာပေါ့လေ။
အဲ…အဲဒီဆုချီးမြှင့်ပွဲကအပြန် ဒင်းတို့ အိမ်ရောက်ရင် အိပ်ပျော်ကြမယ်မထင်ပါဘူး။ခဲတံကိုင်ကလေးငယ်တွေကို ရက်ရက်စက်စက်ပစ်သတ်မိလို့ စိတ်မကောင်းကြီးစွာဖြစ်ပြီးအိပ်မပျော်တာပါလားလို့ မတွေးမိလိုက်ပါနဲ့ဦး။ တကယ်တော့ သူတို့အဘသတ်ချုပ်ကြီးချီးမြှင့်ပေးလိုက်တဲ့ ဂုဏ်ထူးဆောင် ‘မအလ’ ဆုတံဆိပ်ကို အသာအယာ ပွတ်ပြီးပီတိဖြာဝေနေကြမှာကြောင့် အိပ်မပျော်ကြမှာပါ။ ။
ကိုရင်နွေဦး