ပရိသတ်တွေ ဆူအောင်လို့ အမှားတွေ တမင်လုပ်ခဲ့ဖူးတဲ့ ချယ်လ်ဆီး နောက်ခံလူဟောင်း 

Photo – Getty Images

ပရိသတ်တွေက အသံတိတ်လွန်းနေတာကြောင့် ကွင်းထဲမှာ တမင်တကာ အမှားတွေ လုပ်ပြခဲ့ဖူးတယ်လို့ ချယ်လ်ဆီး ကစားသမားဟောင်း အန်တိုနီယို ရူဒီဂါက ဝန်ခံခဲ့ပါတယ်။ 

အခုအခါမှာ ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့ ရောက်ရှိနေပြီဖြစ်တဲ့ ဂျာမန် လက်ရွေးစင် ခံစစ်မှူးက ချယ်လ်ဆီး ကစားသမား ဘဝတုန်းက သူ့ရဲ့ ထူးဆန်းတဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ပြန်ပြီး ဖောက်သည်ချခဲ့တာပါ။ သူဟာ ချယ်လ်ဆီး ကစားသမား ဘဝမှာ ၅ နှစ်ကြာ ဖြတ်သန်းခဲ့ပြီး ဥရောပ ချန်ပီယံလိဂ်၊ အက်ဖ်အေ ရှုံးထွက်ဖလား၊ ကမ္ဘာ့ကလပ် ချန်ပီယံများဖလား၊ ယူရိုပါလိဂ်နဲ့ ဥရောပ စူပါဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

အသက် ၂၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရုဒီဂါက တစ်ခါတလေ ကွင်းထဲမှာ ချယ်လ်ဆီး ပရိသတ်တွေက တိတ်ဆိတ်လွန်းနေတယ်လို့ ခံစားမိတဲ့အခါ တမင်တကာ အမှားတွေ လုပ်ခဲ့ဖူးတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက နယူးကာဆယ် ယူနိုက်တက်ကို တစ်ဂိုးတည်းနဲ့ ကပ်နိုင်ခဲ့တဲ့ ပွဲစဉ်မှာဆိုရင် သူဟာ တမင်တကာ ပေါ့ပေါ့ဆဆ ပုံစံမျိုးနဲ့ အ​ဝါကတ် အထိခံခဲ့တယ်လို့ ရူဒီဂါက ဆိုပါတယ်။ 

ရိုးရိုးသားသား ပြောရရင် ကွင်းထဲမှာ ပရိသတ်တွေ အသံက ငြိမ်သက်လွန်းနေတာကို မကြိုက်တဲ့အတွက် တချို့ အမှားတွေကို တမင်လုပ်ခဲ့ကြောင်း၊ လူတွေ ဆူဆူညံညံ အော်ဟစ်နေတာမျိုးကိုပဲ သူ့အနေနဲ့ လိုလားကြောင်း ရူဒီဂါက ရှင်းပြခဲ့ပါတယ်။ ရူဒီဂါရဲ့ ဝန်ခံစကားအပေါ် ချယ်လ်ဆီး ပရိသတ်တွေကတော့ သိပ်ပြီး သဘောကျကြမှာ မဟုတ်ပါဘူး။ 

ရူဒီဂါဟာ ချယ်လ်ဆီးကို စွန့်ခွာလာတဲ့နောက် စပိန်လာလီဂါ ချန်ပီယံ အသင်းအတွက် ၉ ပွဲထိ ပါဝင်ကစားထားသလို သွင်းဂိုး ၁ ဂိုးလည်း ရရှိထားပြီ ဖြစ်ပါတယ်။