ရုရှားအပေါ် အိန္ဒိယ မှီခိုနေရတာတွေ လျှော့ချဖို့ အမေရိကန် ဆွေးနွေးနေ

အိန္ဒိယ အနေနဲ့ စစ်လက်နက်နဲ့ စွမ်းအင်ကဏ္ဍအတွက် ရုရှားအပေါ် အလွန်အကျွံ မှီခိုရမှုကို ဘယ်လိုနည်းနဲ့ လျှော့ချနိုင်မလဲ ဆိုတာကို အမေရိကန် အစိုးရက အလေးအနက် ဆွေးနွေးနေကြောင်း သိရပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အိန္ဒိယ အာဏာပိုင်တွေနဲ့ ဆွေးနွေးမှုနေမှုကို အတည်ပြုခဲ့ပြီး ဒါဟာ ရုရှားကို နိုင်ငံတကာ အသိုက်အဝန်းကနေ ပိုပြီး ကင်းကွာအောင် ဖိအားပေးမယ့် ခြေလှမ်းတစ်ရပ်လို့ ပြောပါတယ်။ အိန္ဒိယ စစ်တပ်ဟာ ရုရှားဆီကနေ စစ်လက်နက် အမြောက်အမြား မှာယူ တင်သွင်းနေရဆဲ ဖြစ်သလို စွမ်းအင် ကဏ္ဍအတွက်လည်း ရုရှားရဲ့ ရေနံကို ဝယ်ယူနေရပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အိန္ဒိယ အစိုးရ အနေနဲ့ ရုရှားဟာ လက်နက် ထောက်ပံ့မှုအတွက် ယုံကြည်စိတ်ချရတဲ့ လက်တွဲဖော် မဟုတ်တော့တာကို သေချာ နားလည်သင့်ပြီလို့ ပြောပါတယ်။ အိန္ဒိယဟာ နောက်ထပ် စျေးကွက်တွေ လိုက်ရှာရင် ပိုအကျိုးရှိလိမ့်မယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက မှတ်ချက် ပေးခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်း အိန္ဒိယဟာ ရုရှားအပေါ် ဘက်ပေါင်းစုံ အလွန်အကျွံ မှီခိုခဲ့ရကြောင်း၊ ပထမဆုံး စစ်လက်နက်တွေ ရဖို့ မှီခိုနေရာက အခုဆို စွမ်းအင် အတွက်ပါ ရုရှားကို အားကိုးနေရကြောင်း၊ ဒီအခြေအနေတွေကနေ အိန္ဒိယ ရုန်းထွက်နိုင်ရေးအတွက် အမေရိကန်က လေးလေးနက်နက် ချိတ်ဆက် ဆွေးနွေးခဲ့ပြီး အိန္ဒိယအတွက် ပိုမို ကျယ်ပြန့်တဲ့ ရွေးချယ်မှုတွေ ရရှိနိုင်အောင် ကူညီနေကြောင်း အဲဒီ အရာရှိက ဆက်ပြောသွားပါတယ်။ 

အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေက ယူကရိန်း ကျူးကျော်စစ်ကို အကြောင်းပြုပြီး ရုရှားရဲ့ စွမ်းအင် ကဏ္ဍအပေါ် အပြင်းအထန် ပစ်မှတ်ထား ပိတ်ဆို့ အရေးယူခဲ့ပေမယ့် ရုရှားနဲ့ အိန္ဒိယလို အင်အားကြီး နိုင်ငံတွေက ရုရှားရဲ့ ရေနံကို ဆက်ပြီး ဝယ်ယူနေကြဆဲ ဖြစ်ပါတယ်။