မင်းတပ်မြို့အဝင် စစ်ဆေးရေးဂိတ်ကို CDF-Mindat တိုက်ခိုက် စစ်ကောင်စီဘက်ကသေဆုံးမှု ရှိနိုင်

Photo -CDF-Mindat
ချင်းပြည်နယ်၊မင်းတပ်မြို့အဝင်က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို စက်တင်ဘာ (၂၁) ရက် ဒီနေ့မနက်အစော ပိုင်းက ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကသေဆုံးမှု တွေရှိနိုင်တယ်လို့ CDF-Mindat ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။
“သမရိုးကျစစ်လို ရင်ဆိုင်တိုက်ပွဲ မဟုတ်ဘူး၊ဒါပေမယ့် ပြောက်ကျားအနေနဲ့ ပြောရရင် အတော်ပြင်းထန် တယ် ပြောရမယ်၊စကစဘက် သေဆုံး ဒဏ်ရာရရှိမှုသတင်းတွေတော့ ရထားတယ်၊အတည်မပြုရသေးလို့ မထုတ်ပြန် တာပါ” လို့ သူကပြောပါတယ်။
မင်းတပ်မြို့မှာစစ်ကောင်စီကဝါဒဖြန့်ဖို့အတွက် ဒီကနေ့မှာစတင်ပြုလုပ်မယ့် ဈေး ရောင်းပွဲတော်ကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ CDF-Mindat ရဲ့ ဝံပုလွေစစ်ကြောင်းက တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။
ဈေးရောင်းပွဲတော်မှာ ရောင်းချမယ့် ကုန်စည်တွေဟာလည်း ပြည်သူတွေဆီက မတရားသိမ်းယူထားတဲ့ ပစ္စည်း တွေဖြစ်ပြီး ဒါဟာ သူတို့ ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာ ဇဝတ်မှုကို ဖုံးဖိ ဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ CDF- Mindat ကဆိုပါတယ်။
အဲ့ဒီဈေးရောင်းပွဲတော်မတိုင်ခင် တပတ်လောက်ကတည်းက မင်းတပ်မြို့ပေါ်မှာ စစ်ကောင်စီက လုံခြုံရေးတင်း တင်းကျပ်ကျပ် ချထားတယ်လို့လည်း သိရပါတယ်။
“အပြစ်မဲ့ပြည်သူတွေနေတဲ့ ရွာတွေကို လက်နက်ကြီးနဲ့အမြဲပြစ်တယ်၊တစ်ဘက်မှာပြည်သူကို စေတနာရှိသရောင် ဝါဒဖြန့်ချီတဲ့အနေနဲ့ ပြည်သူပိုင်ကျွဲ၊နွား နောက်ပြီးသိမ်းဆည်းထားတဲ့ ဆန်တွေကို ဈေးလျှော့ရောင်းပေး တယ်ဆို တဲ့ တစ်ဘက်လှည့်နဲ့စည်းရုံးပြီးတော့ စစ်ရာဇဝတ်မှူတွေကျူးလွန်တာကို ဈေးရောင်းပွဲတော်နဲ့ဖုံးဖိထားတာတွေ တွေ့ရလို့ဆန့်ကျင်တိုက်ခိုက်ခဲ့တာ “လို့ CDF-Mindat ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
မင်းတပ်မြို့နေ ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက် စစ်ကောင်စီ ရဲ့ ဝါဒဖြန့်ချီရေး ဈေးရောင်းပွဲ တော်ကို ပူးပေါင်းဆောင်ရွက်မှုမလုပ်ကြဖို့နဲ့ နေအိမ်တွေမှာပဲ လုံလုံခြုံခြုံ နေထိုင်ကြဖို့လည်း CDF-Mindat ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။