လောင်စာ ကုမ္ပဏီကြီးတွေကို အခွန်တိုးကောက်ဖို့ ကုလသမဂ္ဂ အကြီးအကဲ တိုက်တွန်း

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု တိုက်ဖျက်ရေး အစီအမံ တစ်ခုအနေနဲ့ ရုပ်ကြွင်းလောင်စာ ကုမ္ပဏီကြီးတွေအပေါ် အခွန်စည်းကြပ်မှု မူဝါဒ အသစ်တွေ စတင် ကျင့်သုံးသင့်ကြောင်း ကုလသမဂ္ဂ အကြီးအကဲက ပြောကြားသွားပါတယ်။

အခုနှစ် ကုလသမဂ္ဂရဲ့ အထွေထွေ ညီလာခံမှာ ယူကရိန်း စစ်ပွဲနဲ့ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ပြဿနာတွေဟာ အဓိက အကျဆုံး ဆွေးနွေးကြတဲ့ ခေါင်းစဉ်တွေ ဖြစ်လာပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က စီးပွားရေး အင်အားကြီး နိုင်ငံတွေ အနေနဲ့ ရုပ်ကြွင်းလောင်စာ ကုမ္ပဏီကြီးတွေအပေါ် အခွန်နှုူန်းထား အသစ်တွေ စည်းကြပ်ပြီး ရရှိလာတဲ့ ငွေကြေးတွေကို ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုဒဏ် ဆိုးဆိုးရွားရွား ခံစားနေရတဲ့ နိုင်ငံတွေ၊ လောင်စာနဲ့ စားသောက်ကုန် စျေးနှုန်းတွေ မြင့်တက်မှုကြောင့် ရုန်းကန်နေရတဲ့ ပြည်သူတွေဆီ ထောက်ပံ့ ကူညီစေလိုကြောင်း အကြံပြုသွားခဲ့ပါတယ်။ 

ဂူတာရက်စ်က နိုင်ငံတကာ စွမ်းအင် ကုမ္ပဏီကြီးတွေဟာ လုပ်ငန်းခွဲတွေကနေပါ ဒေါ်လာတွေ ဘီလီယံပေါင်း ရာနဲ့ချီ ဝင်ငွေ တိုးပွား ရရှိနေပေမယ့် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အိမ်ထောင်စုအလိုက် သုံးစွဲရတဲ့ ဘတ်ဂျတ် ကန့်သတ်ချက်က နည်းသထက် နည်းလာပြီး ကမ္ဘာကြီးကလည်း ပိုမိုထိခိုက် ပျက်စီးလာနေတယ်လို့ ဝေဖန်သွားပါတယ်။ 

နယူးယောက်က ကုလသမဂ္ဂ ညီလာခံမှာ ဂူတာရက်စ် ပြောကြားခဲ့တဲ့ မှတ်ချက်တွေဟာ ရေနံ၊ ဓာတ်ငွေ့နဲ့ ကျောက်မီးသွေး ကုမ္ပဏီတွေအပေါ် ပိုမိုတင်းကျပ်တဲ့ အခွန်စည်းကြပ်မှုတွေ ပြုလုပ်သင့်ကြောင်း ဥရောပ သမဂ္ဂက တင်သွင်းလာတဲ့ အဆိုပြုချက်ကို ထောက်ခံတဲ့ သဘောလည်း ဖြစ်နေပါတယ်။ အဲဒီလို ရုပ်ကြွင်းလောင်စာ ကုမ္ပဏီကြီးတွေဟာ ရုရှား-ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး လောင်စာစျေးတွေ မြင့်တက်လာချိန်မှာ အမြတ်အစွန်းတွေ အကြီးအကျယ် တိုးပွား ရရှိနေကြပါတယ်။ 

ဥရောပ သမဂ္ဂကနေတဆင့် ဥရောပ ကော်မရှင်က ရေးဆွဲ အဆိုတင်လာရာမှာ လောင်စာ ကုမ္ပဏီကြီးတွေရဲ့ လက်ခွဲ လုပ်ငန်းတွေကနေပါ ရရှိနေတဲ့ ပိုလျှံ အမြတ်ငွေ စုစုပေါင်း ၃၃ ရာခိုင်နှုန်းလောက်ထိ အခွန်စည်းကြပ်ဖို့ တိုက်တွန်းထားပါတယ်။ ဒီနေ့မှာတော့ စီးပွားရေး အင်အားကြီး နိုင်ငံတွေက အဲဒီ ကုမ္ပဏီတွေအပေါ် ပိုလျှံ အမြတ်ငွေဆိုင်ရာ အခွန်စည်းကြပ်မှုတွေ ကြပ်ကြပ်မတ်မတ် လုပ်ဆောင်ဖို့ တိုက်တွန်းလိုကြောင်း ဂူတာရက်စ်က ပြောပါတယ်။ 

နိုင်ငံတကာ သိပ္ပံပညာရှင်တွေက ကမ္ဘာ့ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတွေဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း သိသိသာသာ ပိုဆိုးလာနေတယ်လို့ သတိပေးထားပါတယ်။ ပါကစ္စတန် နိုင်ငံမှာဆိုရင် ၃ လအတွင်း အကြီးအကျယ် မိုးရွာသွန်းမှုတွေကြောင့် လူ ၁၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။ နိုက်ဂျီးရီးယားမှာလည်း ရေကြီးလို့ ဒီနှစ်ထဲမှာ လူ ၃၀၀ ကျော်လောက် အသက်ဆုံးရှုံးခဲ့ပါတယ်။

 ကမ္ဘာအနှံ့မှာလည်း မုန်တိုင်းတွေ ပိုပြီး အဖြစ်များလာသလို အခုသီတင်းပတ်ထဲမှာတင် ပွာတိုရီကို၊ ဒိုမီနီကန်နဲ့ ဂျပန်တို့မှာ အင်အားပြင်း မုန်တိုင်းတွေ ဝင်ရောက်တိုက်ခတ်ပြီး ရေကြီးတဲ့ဒဏ် ခံစားခဲ့ကြရပါတယ်။ တစ်ဖက်မှာတော့ အမေရိကန်၊ တရုတ်နဲ့ ဥရောပ အပါအဝင် ကမ္ဘာ့ဒေသကြီး တချို့မှာ မိုးခေါင်ပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေအပေါ် အကြီးအကျယ် ထိခိုက်တဲ့ အခြေအနေတွေ ကြုံတွေ့ခဲ့ကြရပါတယ်။