တရုတ်နိုင်ငံမှာ Quarantine ဝင်နေသူတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီး တိမ်းမှောက်ရာက လူပေါင်း ၂ ဒါဇင်ကျော်လောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာ ၁၈ ရက်က ဘတ်စ်ကားဟာ နိုင်ငံ အနောက်တောင်ပိုင်း၊ ဂူဇူးဒေသက အဝေးပြေး လမ်းမပေါ် မောင်းနှင်လာရင်း ဆိုးရွားတဲ့ မတော်တဆမှုတစ်ခု ဖြစ်ခဲ့ကြောင်း ဆန်ဒူးခရိုင် ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။ ကားပေါ်မှာ လူ ၄၇ ဦး လိုက်ပါလာတဲ့အနက် ၂၇ ဦး သေဆုံးပြီး ကျန်တဲ့ ၂၀ ကလည်း ဒဏ်ရာတွေ ရခဲ့ပါတယ်။
ဘတ်စ်ကားဟာ လမ်းကွေ့ တစ်နေရာမှာ တိမ်းမှောက်သွားခဲ့တာဖြစ်ပြီး ယာဉ်မတော်တဆမှု ကြုံခဲ့တဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အာဏာပိုင်တွေက ခရီးသည်တွေနဲ့ ပတ်သက်လို့ အစောပိုင်းမှာ နှုတ်ဆိတ်နေပေမယ့် ဒေသခံ သတင်းဌာန တချို့က ကားပေါ်ပါလာသူတွေဟာ ကပ်ရောဂါ ထိန်းချုပ်ရေး အစီအမံတွေနဲ့ ဆက်စပ်နေကြောင်း ထုတ်ဖော် ရေးသားလာပါတယ်။
အွန်လိုင်းပေါ်မှာလည်း တုံးလုံးလဲ တိမ်းမှောက်နေတဲ့ ဘတ်စ်ကားရဲ့ (အတည်မပြုနိုင်တဲ့) ဓာတ်ပုံတချို့ စတင်ပျံ့နှံ့လာပြီး တရုတ် အင်တာနက် သုံးစွဲသူတွေက အာဏာပိုင်တွေရဲ့ ကပ်ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ မူဝါဒတွေ မပွင့်လင်းတာ၊ လုံခြုံရေး စံနှုန်း အားနည်းတာတွေကို ဒေါသတကြီး ဝေဖန် မှတ်ချက် ရေးသားနေကြပါတယ်။
ဒေသခံ သတင်းဌာန တစ်ခုရဲ့ ဖော်ပြချက်အရ ကားပေါ် ပါလာသူတွေကို ပြည်နယ်မြို့တော် ကွေ့ယမ်းကနေ ခေါ်ဆောင်ပြီး လီဒိုခရိုင်ကို ဦးတည် မောင်းနှင်နေခဲ့တာလို့ သိရပါတယ်။ အဲဒီနှစ်နေရာဟာ ကီလိုမီတာ ၂၀၀ လောက် ကွာဝေးပါတယ်။
ယာဉ်မတော်တဆမှုအပြီး ဒဏ်ရာရသူတွေကိုတော့ နီးစပ်ရာ ဆေးရုံတွေဆီ တင်ပို့ထားပါတယ်။ ဒါပေမဲ့ ဒဏ်ရာ အခြေအနေ ပြင်းထန်သူတွေ ပါဝင်နေတာကြောင့် အသေအပျောက် ဦးရေ တိုးပွားလာတာမျိုး ရှိကောင်း ရှိနိုင်တယ်လို့လည်း သိရပါတယ်။