မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုအဆင့် ပွဲစဉ်တွေမှာတော့ အဖွင့်ပွဲ ရလဒ်ဆိုးထားတဲ့ နာမည်ကြီး မန်ချက်စတာ ယူနိုက်တက်အသင်း နိုင်ပွဲ ပြန်လည် ရှာဖွေနိုင်ခဲ့ပြီး တခြား အင်္ဂလန် ကလပ်တစ်ခုဖြစ်တဲ့ ဝက်စ်ဟမ်း ယူနိုက်တက်လည်း အဝေးကွင်းမှာ အခြေအနေ ကောင်းခဲ့ပါတယ်။
ရှရစ်ဖ် ၀ – ၂ မန်ချက်စတာယူနိုက်တက်
အုပ်စု အဖွင့်ပွဲစဉ်တုန်းက အိမ်ကွင်းမှာ ရီးရဲလ် ဆိုစီဒက်ကို ရှုံးနိမ့်ထားတဲ့အတွက် ယူနိုက်တက် အနေနဲ့ အခုပွဲစဉ်မှာ အမှတ် ပြုန်းတီးခံလို့ မရတော့ဘဲ ဖိဖိစီးစီး ကစားခဲ့ပါတယ်။ မန်နေဂျာ တန်ဟက်ဂ်ဟာ တိုက်စစ်မှာ ရက်ရှ်ဖို့ဒ်အစား ရော်နယ်လ်ဒိုကို အသုံးပြုခဲ့တာကလွဲရင် ဒီရာသီမှာ သူ့စိတ်ကြိုက် အတွေ့ဆုံး လူစာရင်းကို ခင်းကျင်းသွားခဲ့ပြီး ပွဲချိန် အများစုမှာ ပြိုင်ဘက်အပေါ် စိုးမိုးထားနိုင်ခဲ့ပါတယ်။ ရှရစ်ဖ်ကတော့ ယူနိုက်တက်ရဲ့ အမှားကိုစောင့်ရင်း တန်ပြန်တိုက်စစ်တွေနဲ့ ဂိုးသွင်းဖို့ ကြိုးစားပေမယ့် အခွင့်အရေး များများစားစားတော့ မရခဲ့ပါဘူး။ ပွဲချိန် ၁၆ မိနစ်မှာ အနီးကပ် တွဲလုံးကနေတဆင့် အဲရစ်ဆန် ချပေးတာကို ဆန်ချိုက ပြိုင်ဘက်တစ်ယောက်ကို ခြေယောင်ပြ လှည့်စားပြီး ဂိုးတိုင် အောက်ခြေထောင့်ထဲ အပိုင်ကန်သွင်းခဲ့တာကြောင့် ယူနိုက်တက်တို့ ပွဲကို စတင် ဦးဆောင်ပါတယ်။ ၃၈ မိနစ်မှာတော့ ဒါလော့ကို ရှရစ်ဖ် နောက်တန်းက အဖျက်ကြမ်းလို့ ပင်နယ်တီ ကန်ခွင့်ရပြီး ရော်နယ်လ်ဒိုက အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ပွဲထွက်နေရာရဖို့ ရုန်းကန်နေရတဲ့ ရော်နယ်လ်ဒိုအတွက် ပထမဆုံး သွင်းဂိုးလည်း ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ယူနိုက်တက်က အခွင့်အရေးတချို့ ထပ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ၂-၀ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။
ဆီကီဘော့ဂ် ၂ – ၃ ဝက်စ်ဟမ်းယူနိုက်တက်
ဝက်စ်ဟမ်းကတော့ ဒိန်းမတ်မြေမှာ ဆီကီဘော့ဂ်ကို စောစောစီးစီး ဦးဆောင်ဂိုး ပေးခဲ့ရပေမယ့် အကောင်းဆုံး တုံ့ပြန်ပြီး အနိုင်ရခဲ့ပါတယ်။ ပွဲချိန် ၄ မိနစ်မှာ ဘယ်ခြမ်းက အနိမ့် ဖြတ်ပို့တဲ့ ဘောလုံးကို ဂိုးဧရိယာထဲမှာ လူကပ်မခံရဘဲ လွတ်နေတဲ့ ကုစ်ခ်က အပိုင်ပိတ်သွင်းပြီး အိမ်ရှင်တို့ ဦးဆောင်ဂိုး ရသွားပါတယ်။ နောက်ထပ် ၈ မိနစ် အကြာမှာတော့ ဝက်စ်ဟမ်းက ချေပဂိုး ပြန်သွင်းပါတယ်။ ဆီဂီဘော့ဂ် နောက်တန်းက ဧရိယာထဲမှာ ကစားပုံကြမ်းလို့ ပင်နယ်တီ ပေးခဲ့ရပြီး လန်ဇီနီက ကန်သွင်းခဲ့တာပါ။ ၂၄ မိနစ်မှာ တိုက်စစ်မှူး ဆကာမက်ကာက ဘီးကုပ်ထိပ်နားကနေ အားပါပြင်းထန်တဲ့ ကန်ချက်နဲ့ ဝက်စ်ဟမ်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ၃၇ မိနစ်မှာ ထောင့်ကန်ဘောကနေ ဒေါ်ဆင်က ခေါင်းတိုက် ဂိုးသွင်းခဲ့ပြန်တာကြောင့် ဧည့်သည်အသင်း ပြတ်ပြတ်သားသား ဦးဆောင်လာနိုင်ပါတယ်။ ဒုတိယပိုင်းမှာတော့ ဝက်စ်ဟမ်းက ကစားအားကို လျှော့ချလိုက်ပြီး အနိုင်ရလဒ်ကို ထိန်းချုပ်ဖို့ ပိုကြိုးစားလာပါတယ်။ ၇၄ မိနစ်မှာ အဒမ်ဆန်ရဲ့ ကန်ချက်ကို ဝက်စ်ဟမ်း ဂိုးသမား ဖေဘီယန်စကီး ပုတ်ထုတ်ခဲ့ပေမယ့် တိုက်စစ်မှူး တန်းစတက်ဂ်က အလိုက်သင့် ပိတ်သွင်းပြီး ဆီကီဘော့ဂ်အတွက် ဒုတိယ ချေပဂိုး သွင်းခဲ့တာကြောင့် နောက်ဆုံးမှာတော့ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။
ရိုးမား ၃ – ၀ ဟယ်လ်ဆင်ကီး
နွေရာသီမှာ အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေ ခြေစွမ်းပြ ဂိုးသွင်းခဲ့ခြင်းနဲ့အတူ ရိုးမားက အိမ်ကွင်းမှာ ဖင်လန်ကလပ် ဟယ်လ်ဆင်ကီးကို ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ပွဲအစ ၁၃ မိနစ်မှာတင် ဟယ်လ်ဆင်ကီး နောက်ခံလူ တန်ဟို အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရပြီး ၁၀ ယောက်တည်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာကြောင့် ရိုးမားအတွက် အစစအရာရာ ပိုလွယ်ကူသွားခဲ့ပါတယ်။ ဒါတောင်မှ ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့ဘဲ ဧည့်သည်အသင်းရဲ့ ထိုးဖောက်မှု တချို့ကြောင့် ရိုးမားတို့ အခက်တွေ့နေခဲ့ပါသေးတယ်။ ဒုတိယပိုင်း ပြန်စပြီး ၁ မိနစ် အတွင်းမှာပဲ ဒီဘာလားက ဘီးကုပ်စက်ဝိုင်း ထိပ်နားကနေ ရိုးမားအတွက် ဦးဆောင်ဂိုးကို ကန်သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဟယ်လ်ဆင်ကီးရဲ့ ခံစစ်က ပြိုဆင်းသွားပြီး ၂ မိနစ် အတွင်းမှာပဲ ဘယ်ခြမ်းတလျှောက် ဘောလုံးဆွဲယူလာတဲ့ ပယ်လီဂရီနီက ဒုတိယဂိုး ထပ်သွင်းခဲ့ပြန်ပါတယ်။ ရိုးမားအတွက် အပိတ်ဂိုးကိုတော့ ဇာနီအိုလို ဘယ်ခြမ်းက အနိမ့် ဖြတ်ပို့ပေးတဲ့ ဘောလုံးကို တိုက်စစ်မှူး ဘာလော့တီက ၆၅ မိနစ်မှာ လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းပြီး ရယူသွားခဲ့တာ ဖြစ်ပါတယ်။ အဖွင့်ပွဲမှာ ရှုံးနိမ့်ထားတဲ့ ရိုးမားအတွက်တော့ အခုနိုင်ပွဲကြောင့် ဖိအားတွေကို အတော်အသင့် လျှော့ချနိုင်ခဲ့ပါတယ်။
တခြားပွဲစဉ် ရလဒ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ရီးရဲလ်ဆိုစီဒက် ၂ – ၁ အိုမိုနီရာနစ်ကိုရှား
မစ်ဂျေလန်း ၅ – ၁ လာဇီယို
ဖိုင်ယန်နော့ဒ် ၆ – ၀ စတမ်းဂရက်ဇ်
အိုလံပီယာကော့စ် ၀ – ၃ ဖရိုင်းဘက်ဂ်
ကွာရာဘက်ဂ် ၃ – ၀ နန့်တေးစ်
မိုနာကို ၀ – ၁ ဖယ်ရန်ဗားရို့စ်
ထရက်ဇွန်စပေါ ၂ – ၁ ကရာဗီနာဇီဗက်ဇ်ဒါ
အပိုလွန် လီမက်ဆိုလ် ၁ – ၃ ဒီနီပရို
အေဇီ အယ်လ်ကမာ ၄ – ၁ ဗာဒုဇ်
ဂျူဂါဒန် ၃ – ၂ မိုလ်ဒေး
ဂျန့် ၃ – ၀ ရှမ်းရော့ရိုဗာ
ပြူးနစ် ၂ – ၀ ဆလိုဗန် ဘရာတီဆလာဗာ
ဇယ်လ်ဂျီရစ် ဗီလ်နီရက်စ် ၀ – ၁ ဘေဆယ်လ်
ကလုဂျ် ၀ – ၁ ဆီလ်ဗယ်စပေါ
ဆလားဗီးယားပရက်ဂ် ၃ – ၂ ဘယ်လ်ကာနီ
ဘိုဒိုး/ဂလင့်မ် ၂ – ၁ ဇူးရစ်ချ်
ဒိုင်နမို ကိယက်ဗ် ၀ – ၁ လာနာကာ
ရင်းနက်စ် ၂ – ၂ ဖီနာဘာချီ
ရီးရဲလ်ဘက်တစ် ၃ – ၂ လူဒိုဂရက်စ် ရက်ဇ်ကက်
ဘရာဂါ ၁ – ၀ ယူနီယံဘာလင်
ယူနီယံ စိန့်ဂီလွိုက်စ် ၃ – ၂ မယ်လ်မို
အစ္စတန်ဘူလ် ဘာဆက်ရှား ၃ – ၀ ဖီအိုရင်တီးနား
အာအက်ဖ်အက်စ် ၀ – ၂ ဟတ်စ်
အက်ဖ်စီအက်စ်ဘီ ၀ – ၀ အန်းဒါးလက်ချ်
ဟာပိုးလ်ဘီယာရှီဗာ ၁ – ၂ ဗီလာရီးရဲလ်
လက်ချ်ပေါ့ဇ်နန် ၄ – ၁ ဩစတြီးယားဝီယန်
ကိုလုံး ၄ – ၂ ဆလိုဗက်ကို
ပါတီဇန်ဘိုးဂရတ် ၁ – ၁ နိစ်