တွံတေး၊ဇီးဖြူကုန်းရွာအုပ်ချုပ်ရေးမှူး သေဆုံးမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရသူအများစု ပြန်မလွတ်သေး

တွံတေးမြို့၊ဇီးဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးတာနဲ့ပတ်သက်လို့ စစ် တပ်က ဖမ်းဆီးထားတဲ့ ရွာခံအများစု လက်ရှိအချိန်အထိ ပြန်မလွတ်ကြသေးဘူးလို့ ဒေသခံတွေက DNAကို ပြောပါတယ်။
ဇီးဖြူကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင်ခြောက်ဦးဟာ ပြီးခဲ့တဲ့ ဩဂုတ်လနှောင်းပိုင်းမှာ မြို့နယ် အစည်းအဝေးကအပြန် ဒေသကာကွယ်ရေးတပ်ဖွဲ့တခုက ပစ်ခတ်တိုက်ခိုက်လို့သေဆုံးခဲ့ကြတာပါ။
အဲ့ဒီဖြစ်စဉ်အပြီး နောက်ရက်မှာပဲ စစ်တပ်က ဒေသခံတွေကို အကြမ်းဖက်ဖမ်းဆီးစစ်ဆေးတာ တွေလုပ် ခဲ့ပြီး ရက်ပိုင်းအတွင်း လူလေးဆယ် ဝန်းကျင် ဖမ်းဆီးခံခဲ့ရပါတယ်။ရက်ပိုင်းအကြာမှာတော့ ဖမ်းဆီးခံ ရသူတွေထဲက (၂၃)ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒါ့အပြင် အခုလဆန်းပိုင်းကလည်း ဖမ်းဆီးခံရမှာစိုးရိမ်လို့ နေရပ်စွန့်ခွာတိမ်းရှောင်ဖို့ ကြိုးစားတဲ့ ဇီးဖြူကုန်း ရွာခံ မိသားစုလေးစုကို စစ်တပ်ကထပ်ပြီး ဖမ်းဆီးခဲ့ပါသေးတယ်။
ကလေးငယ်ငါးဦး၊အမျိုးသားငါးဦးနဲ့ အမျိုးသမီး ကိုးဦးပါဝင်တဲ့ အဲ့ဒီမိသားစုလေးစုဟာ ပြင်ဦးလွင်ကို ပြောင်းရွှေ့ နေထိုင်ဖို့အသွား အမြန်လမ်း (၁၁၅)မိုင်အနီးမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ရွာခံတဦးက ပြောပါတယ်။
“အုပ်ကြီးအဖွဲ့ကိစ္စနဲ့ဒလန်တွေရဲ့သတင်းပေးချက်အရဇီးဖြူကုန်းကျေးရွာသားများကိုဖမ်းဆီးနေတာပါ”လို့ ဒေသ ခံတစ်ဦးက ပြောပါတယ်။
အဲ့ဒီမိသားစုလေးစုထဲက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေကို စက်တင်ဘာ(၁၄)ရက်မနေ့က ပြန်လွှတ်ပေး ခဲ့ပေမယ့် အမျိုးသားငါးဦးကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့သိရပါတယ်။ဒါကြောင့် ဇီးဖြူကုန်း ကျေးရွာ အုပ်ချုပ် ရေးမှူးသေဆုံးမှုနဲ့ပတ်သက်ပြီး စစ်တပ်က လက်ရှိအချိန်အထိဖမ်းဆီးထားတဲ့ ဒေသခံ နှစ်ဆယ်ကျော်ရှိ နေပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲက အမျိုးသမီးတဦးကတော့ဩဂုတ်လကုန်ပိုင်းမှာ သေဆုံးခဲ့ပြီး စစ်တပ်က မိသား စုကို အလောင်းပြန်မပေးဘဲ မိသားစုဝင်သုံးဦးနဲ့သာ သင်္ဂြိုလ်ခွင့်ပြုခဲ့ပါတယ်။