ဧရာဝတီတိုင်း၊ ရေကြည်မြို့က စစ်ကောင်စီဒေါက်တိုင် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးက တပြိုင်တည်းပစ်ခတ်ခဲ့ပြီး တဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ရိုးမတိုက်ဂါး(YMTG)အဖွဲ့က ထုတ်ပြန် ပါတယ်။
ရေကြည်မြို့နယ် ဇရပ်လှကျေးရွာ အုပ်ချုပ်ရေးမှူး တာဘူး(ခ)ကျော်ဝင်းသိန်းနဲ့ အဖော်ပါလာတဲ့ ပိတောက်ချောင် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ကို စက်တင်ဘာ (၁၄)ရက် မနေ့ကညနေပိုင်းက ငါးသိုင်းချောင်းမြို့အထွက်က ကျုံတာ ရွာနားမှာ ပစ်ခတ်ခဲ့တာြဖစ်တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုကြောင့် ဇရပ်လှကျေးရွာအုပ်ချုပ်ရေးမှူးက ဆေးရုံမှာ သေဆုံးခဲ့တယ်လို့သိရပြီး ပိတောက်ချောင် အုပ် ချုပ်ရေးမှူးကတော့ လက်မောင်းကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ရိုးမတိုက်ဂါးအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
သေဆုံးခဲ့တဲ့ ဇရပ်လှကျေးရွာ အုပ်ချုပ်ရေးမှူး တာဘူး(ခ)ကျော်ဝင်းသိန်းဟာ စစ်ကောင်စီခန့်ထားသူဖြစ်ပြီး စစ် တပ်ခိုင်းသမျှ လုပ်သူဖြစ်တယ်လို့ ရိုးမတိုက်ဂါးအဖွဲ့ကဆိုပါတယ်။
အဲ့ဒီအုပ်ချုပ်ရေးမှူးဟာ မင်းအောင်လှိုင်မွေး နေ့ပွဲ ဦးဆောင်လုပ်ပေးတာ၊ရွာခံတွေကို ဖိနှိပ်ငွေညှစ်တာ၊စစ် တပ်ကို ရွာခေါပြီး ရွာခံတွေကိုခြိမ်းခြောက်အနိုင်ကျင့်တာ၊နိုင်ငံရေးတက်ကြွလှုပ်ရှား သူတွေကို ဖိအား ပေး တာတွေလုပ်ခဲ့တဲ့အပြင် PDF တပ်ဖွဲ့ဝင်တွေကို စိန်ခေါ်ဆဲဆိုထားသူလည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီပစ်ခတ်ရှင်းလင်းမှုဟာ ဧရာဝတီတိုင်းက နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး တခုဖြစ်တယ်လို့လည်း ဆိုပါတယ်။ ရေကြည်မြို့နယ်အတွင်းက စစ်ကောင်စီအလိုတော်ရိတွေနဲ့သတင်းပေးထောက်တိုင်တွေကို သက်ညှာတော့မှာ မဟုတ်ဘူးလို့လည်း ရိုးမတိုက်ဂါးအဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရိုးမတိုက်ဂါးအဖွဲ့ ပစ်ခတ်မှုကြောင့်သေဆုံးခဲ့တဲ့ ဇရပ်လှကျေးရွာအုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီခန့် အုပ် ချုပ်ရေး မှူးမဖြစ်ခင်က စစ်တပ်ထောက်ခံပွဲတွေကို ဦးဆောင်ခဲ့တဲ့ မဘသအဖွဲ့ဝင်တဦးဖြစ်တယ်လို့ မြို့ခံ တွေက DNA ကို ပြောပါတယ်။
အုပ်ချုပ်ရေးမှူးဖြစ်လာပြီးနောက် ဒေသတွင်းက CDM ဝန်ထမ်းတွေရဲ့ အမည်စာရင်းတွေ ကောက်ယူတာနဲ့ ဧည့်စာရင်းစစ်တာကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်ခဲ့သူတဦးဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲ့ဒီပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖြစ်စဉ်အနီးဝန်းကျင်မှာ ပိတ်ဆို့စစ်ဆေးတာ တွေ လုပ်ခဲ့ပြီး ဆိုင်ကယ်စီးလူငယ်တချို့ကို ဖမ်းဆီးတာလည်း တွေ့ရတယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ မြို့ခံတဦးက DNA ကိုပြောပါတယ်။