ကမ္ဘာ့ကပ်ရောဂါ အဆုံးသတ်မယ့် နေ့ရက်တွေ နီးကပ်လာပြီလို့ WHO အကြီးအကဲပြော

Photo – Reuters

ကိုဗစ် ကပ်ရောဂါကြီးကို အပြီးအပိုင် ကျော်လွှားနိုင်ရေး ရည်မှန်းချက်တွေဟာ ခြေတစ်လှမ်း ပိုနီးလာနေပြီလို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားသွားပါတယ်။

စက်တင်ဘာ ၁၄ ရက်မှာ အွန်လိုင်းကနေ ချိတ်ဆက် ပြုလုပ်တဲ့ အစည်းအဝေး တစ်ခုအတွင်း ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီးဆက်စ်က အခုလို အားတက်စရာ သတင်းစကားကို အသိပေးလာခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ ခေါင်းဆောင်တွေ အနေနဲ့လည်း ကပ်ရောဂါ တားဆီးတိုက်ဖျက်ရေး အစီအမံတွေအပေါ် ဆက်ပြီး အားစိုက်ခွန်စိုက် အကောင်အထည် ဖော်ပေးကြဖို့ ဒေါက်တာ ဂျီဘရီးဆက်စ်က တိုက်တွန်းသွားခဲ့ပါတယ်။ 

ကမ္ဘာ့ကပ်ရောဂါကြီး ဆုံးခန်းတိုင်သွားတဲ့ ကာလမျိုးကိုတော့ လောလောဆယ် မရောက်သေးကြောင်း၊ ဒါပေမဲ့ အဲဒီ အခြေအနေကို လက်တစ်ကမ်း အလိုလောက်မှာ လှမ်းမြင်နေရပြီဖြစ်ကြောင်း သူက ပြောပါတယ်။ ကိုဗစ်ရောဂါကို ကမ္ဘာ့ ကပ်ရောဂါကြီးအဖြစ် တရားဝင် သတ်မှတ် ကြေညာခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ်လနောက်ပိုင်း ဒါဟာ WHO အကြီးအကဲဆီက ထွက်ပေါ်လာသမျှ အကောင်းအမြင်ဆုံး မှတ်ချက်စကားလို့ ဆိုနိုင်ပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန်မြို့မှာ တွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ် တစ်ခုကြောင့် အစပြုလာတဲ့ ကမ္ဘာ့ကပ်ရောဂါကြီးဟာ လူပေါင်း သန်း ၆၀၀ ကျော်ဆီ ကူးစက်ခဲ့ပြီး လူ့အသက်ပေါင်း ၆ သန်းခွဲ ဝန်းကျင်လောက်ကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးက ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေမှာလည်း ဒီရောဂါကြောင့် မကြုံစဖူး ဝန်ပိတဲ့ အခြေအနေတွေကို ဖြတ်သန်းခဲ့ရပါတယ်။ 

ဒေါက်တာ ဂျီဘရီးဆက်စ်က လက်ရှိမှာ အခြေအနေတွေ တိုးတက်လာတယ် ဆိုပေမယ့် ကိုဗစ်ရော၊ တခြား ခြိမ်းခြောက်မှု ကြီးမားလာနိုင်တဲ့ ရောဂါဆိုးတွေကို ထိထိရောက်ရောက် တုံ့ပြန်ဖို့ အတွက်ပါ ပိုမို ကောင်းမွန်တဲ့ မူဝါဒတွေ၊ အစီအမံတွေ လိုအပ်မယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးတော့ ကမ္ဘာ့နိုင်ငံ အားလုံးကိုလည်း ကာကွယ်ဆေး ထိုးနှံမှုတွေအတွက် ရာနှုန်းပြည့် အာရုံစိုက်ပေးကြဖို့ တိုက်တွန်း တောင်းဆိုသွားပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ စဉ်ဆက်မပြတ် ပြောင်းလဲမှုတွေကြောင့် အနာဂတ်မှာလည်း နောက်ထပ် ကူးစက်မှုလှိုင်း အသစ်တွေ ကြုံလာနိုင်ကြောင်း၊ ဒါပေမဲ့ လူသားမျိုးနွယ်အပေါ် ကိုဗစ်ရောဂါက အကြီးအကျယ် ဆိုးကျိုး သက်ရောက်စေမှုတွေကတော့ သိသိသာသာ လျော့ပါးသွားနိုင်ကြောင်း WHOရဲ့ ကပ်ရောဂါဆိုင်ရာ ဌာနခွဲ အကြီးအကဲ ဒေါက်တာ မာရီယာ ခါဟော့ဗ်က ဆိုပါတယ်။ ဒါပေမဲ့ ကိုဗစ်လို ရောဂါမျိုးနဲ့ ပတ်သက်ရင် ဘယ်တော့မှ ပေါ့ပေါ့တန်တန် မတွက်ဆသင့်ဘဲ အမြဲ နိုးကြားနေဖို့တော့ အရေးကြီးတယ်လို့လည်း ဒေါက်တာ ခါဟော့ဗ်က သတိပေးသွားပါတယ်။