
ရုရှားနဲ့ တရုတ် သမ္မတတွေ တွေ့ဆုံပြီး ယူကရိန်းစစ်ပွဲ အပါအဝင် နိုင်ငံတကာ အရေးကိစ္စတွေအတွက် တွေ့ဆုံ ဆွေးနွေးကြမယ်လို့ ကရင်မလင် နန်းတော်က အတည်ပြု ကြေညာလိုက်ပါတယ်။
တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ကပ်ရောဂါ အစပြုလာခဲ့တဲ့ ၂ နှစ်ကျော် ကာလအတွင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ် သွားရောက်မှာ ဖြစ်ပါတယ်။ ရှီရဲ့ ဥဇဘက်ကစ္စတန် ခရီးစဉ်အတွင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့လည်း တွေ့ဆုံဖြစ်လိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် တရုတ် အစိုးရဖက်ကတော့ ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေခဲ့ပါတယ်။
အခုအခါ ရုရှားအစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်က နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဥဇဘက်ကစ္စတန်မှာ တွေ့ဆုံမယ့် သဘောတူညီမှုကို အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။ ပူတင်နဲ့ ရှီဟာ စက်တင်ဘာ ၁၅ ရက်မှာ ကျင်းပမယ့် ရှန်ဟိုင်း ကော်ပိုရေးရှင်း အဖွဲ့ရဲ့ ညီလာခံကို တက်ရောက်ရင်း သီးခြားတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
ရှီဟာ စက်တင်ဘာ ၁၄ ရက်မှာ ၃ ရက်ကြာ အာရှ အလယ်ပိုင်း ခရီးစဉ်ကို အစပြုပြီး ကာဇက်စတန် နိုင်ငံကမှတဆင့် ဥဇဘက်ကစ္စတန်ကို သွားရောက်မှာ ဖြစ်ပါတယ်။ ပူတင်ဟာ အိန္ဒိယ၊ ပါကစ္စတန်၊ တူရကီ၊ အီရန်တို့က နိုင်ငံခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပေမယ့် ရှီနဲ့ ဆွေးနွေးမှုကတော့ အထူးတလည် အရေးကြီးတဲ့ ကဏ္ဍတွေ ပါဝင်လာလိမ့်မယ်လို့ ကရင်မလင် နန်းတော်ရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ပြောရေးဆိုခွင့်ရ အရာရှိ ယူရီ အူရှာကော့ဗ်က ပြောပါတယ်။
ရှီဟာ ကိုဗစ်ကာလ တလျှောက်လုံး နိုင်ငံပြင်ပကို လုံးဝ မထွက်ခဲ့ရာက ပထမဆုံး ပြန်လည် စတင်တဲ့ ပြည်ပ ခရီးစဉ်မှာတင် ပူတင်နဲ့ တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့တာပါ။ ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်ပြီး ရုရှားအပေါ် အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုတွေ မြင့်တက်နေချိန်မှာ တရုတ်ရဲ့ နွေးထွေးတဲ့ လက်ကမ်းမှုက ပူတင်အတွက် အားဆေးတစ်ခွက် ဖြစ်လာနိုင်ပါတယ်။
ရှီဟာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတုန်းက သူ့ရဲ့ နောက်ဆုံး ပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးပြီး သိပ်မကြာခင် ရက်ပိုင်းမှာပဲ တရုတ်မှာ ကူးစက်ရောဂါ ထိန်းချုပ်ရေး အစီအမံအဖြစ် Lockdown ကြေညာချက်တွေ စတင် ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ကာလတလျှောက် ရှီဟာ တရုတ် ပြည်မကြီးကို တစ်ကြိမ်သာ စွန့်ခွာခဲ့ပြီး မနှစ်က ဇူလိုင်လမှာ တရုတ်ပိုင်နက် နယ်မြေတစ်ခုဖြစ်တဲ့ ဟောင်ကောင်ကျွန်းဆီ သွားရောက်ခဲ့ပါတယ်။
ပူတင်ကလည်း ယူကရိန်း ကျူးကျော်စစ်ပွဲ စတင်ချိန်ကတည်းက ပြည်ပကို ခရီးလှည့်လည် သွားလာတာမျိုး အတော် နည်းပါးသွားခဲ့ပါတယ်။ ဇူလိုင်လတုန်းက တဟီရန်မြို့မှာ အီရန်၊ တူရကီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးနောက်ပိုင်း အခုတစ်ကြိမ်က ပူတင်ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ် ဖြစ်လာမှာပါ။ အခုနှစ် အစောပိုင်းက ယူကရိန်းကို ရုရှားတပ်တွေ မကျူးကျော်ခင်မှာ ပူတင်နဲ့ ရှီတို့ဟာ ဘေဂျင်း ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲမှာ နောက်ဆုံးအကြိမ် လူချင်းတွေ့ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။