မြန်မာနိုင်ငံက လူမျိုးသုဉ်း သတ်ဖြတ်မှု အထောက်အထားတွေ အများကြီး Facebook ပေါ်က ရခဲ့ကြောင်း IIMM ပြော

မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေ၊ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး သန်းနဲ့ချီ များပြားတဲ့ အထောက်အထားတွေ၊ သက်သေတွေကို Facebookပေါ်မှာ ရှာတွေ့ခဲ့ကြောင်း ကုလသမဂ္ဂ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ကြီးမှူးပြီး ၂၀၁၈ မှာ ဖွဲ့စည်းခဲ့ပါတယ်။ IIMMရဲ့ အဓိက ရည်ရွယ်ချက်ကတော့ နိုင်ငံအဆင့်၊ ဒေသအဆင့်၊ နိုင်ငံတကာအဆင့် ခုံရုံးတွေဆီ တင်သွင်း အမှုဖွင့်မယ့် သက်သေတွေကို စုဆောင်း တည်ဆောက်ယူဖို့ ဖြစ်ပါတယ်။

Facebookပေါ်မှာ ကွန်ရက်ချိတ်ဆက်ထားတဲ့ အကောင့်တွေ အများကြီးကနေ စစ်ရာဇဝတ်မှု၊ လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုင်ရာ အထောက်အထားတွေ သန်းနဲ့ချီပြီး မျှဝေတာမျိုး ရှိခဲ့ဖူးကြောင်း၊ နောက်ပိုင်းမှာတော့ ကုမ္ပဏီဖက်က ဒါတွေဟာ အကောင့်တုတွေလို့ သတ်မှတ်ပြီး ဖယ်ရှားပစ်ခဲ့ကြောင်း IIMMရဲ့ အကြီးအကဲ နစ်ကိုလက်စ် ကူမီဂျီယန်က ဂျနီဗာမှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖြိုခွင်းမှုတွေကို အကြောင်းပြုပြီး ၂၀၁၇ တုန်းက ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုင်ရာ တရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Facebookရဲ့ မိခင် ကုမ္ပဏီဖြစ်တဲ့ Metaကတော့ သူတို့အနေနဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုအပြင် တခြားရာဇဝတ်မှုတွေနဲ့ပါ ပတ်သက်လို့ နိုင်ငံတကာရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ထဲထဲဝင်ဝင် ပံ့ပိုး ကူညီနေပါတယ်လို့ ဖြေရှင်း ပြောကြားထားပါတယ်။ ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေး ယန္တရားအတွက်ရော၊ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တရားလိုအဖြစ် စွဲချက်တင်ခဲ့တဲ့ ဂမ်ဘီယာ နိုင်ငံအတွက်ပါ ပွင့်လင်းမြင်သာတဲ့ သတင်းအချက်အလက်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ Metaက ဆိုပါတယ်။

Facebookအတွက်တော့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အရှုပ်အထွေးတွေ ကြုံရတာမျိုးက အသစ်အဆန်း မဟုတ်တော့ပါဘူး။ ၂၀၁၈ တုန်းကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး အရာရှိတွေက မြန်မာနိုင်ငံမှာ Facebookကို အသုံးချပြီး အမုန်းစကားတွေ ဖြန့်ဝေနေကြောင်း၊ ဒီအခြေအနေတွေက ပြည်တွင်း အကြမ်းဖက်မှုတွေကို မီးစာမြှင့်ပေးနေကြောင်း စွပ်စွဲခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ Facebookက သူတို့ရဲ့ ပလက်ဖောင်းပေါ်မှာ အမုန်းစကား ဖြန့်ဝေတာတွေကို တားဆီး ပိတ်ဆို့လိုက်ကြောင်း ပြောပါတယ်။

IIMMဟာ Facebookပေါ်က ရင်းမြစ် ၂၀၀ ကျော်လောက်ဆီကနေ ရရှိထားတဲ့ အထောက်အထား အချက်အလက်တွေကို အုပ်စု ၆၇ ခုခွဲပြီး စုဆောင်းထားကြောင်း သိရပါတယ်။ ဒီအချက်အလက်တွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး၊ အပြည်ပြည်ဆိုင်ရာ တရားရုံးတို့ အပါအဝင် တရားရေးဌာနတွေဆီ ပေးပို့ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။

မြန်မာစစ်တပ်ကတော့ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်တယ် ဆိုတာကို ငြင်းဆိုပြီး အကြမ်းဖက် စစ်သွေးကြွတွေကို ဖြိုခွင်းတဲ့ စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့တာသာ ဖြစ်တယ်လို့ အကြောင်းပြထားပါတယ်။