မတ္တရာမြို့မှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက ၁၃ ဦးသေ

Photo – Tiger King

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ စက်တင်ဘာ ၁၂ ရက် ဒီနေ့မနက်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က (၁၃) ဦးသေကာ (၁၅) ဦးဒဏ်ရာရတယ်လို့ မြို့ခံတော်လှန်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ Tiger King အဖွဲ့က ထုတ်ပြန်ပါတယ်။

မတ္တရာမြို့နယ်ထဲက ရှင်လှ ၊ အေးကျွန်း ၊ ရေလည်ကျွန်း စတဲ့ကျေးးရွာတွေမှာရှိနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ ဒီနေ့မနက် ကိုးနာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။

နာရီဝက် လောက်ကြာတဲ့ အဲ့ဒီတိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်တွေဘက်က အဝေးပစ်လက်နက်ကြီး (၁၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Tiger King အဖွဲ့ကဆိုပါတယ်။ဒါ့အပြင် စစ်ကောင်စီဘက်က ပစ်တဲ့ လက်နက်ကြီး နှစ်လုံး သူတို့တပ်တွေနားပဲ ပြန်ကျလို့ အထိအခိုက်များခဲ့တယ်လို့ အဲ့ဒီအဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေသကာကွယ်ရေးတပ်တွေကတော့ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကာကွယ်ရေးတပ် တွေ ပြန်လည်ဆုတ်ခွာချိန်အထိ စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်မှုတွေ ဆက်လုပ်နေတယ်လို့ Tiger King အဖွဲ့က ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲမှာ ရွှေဘိုခရိုင် တပ်ရင်း ၁၅ (Tiger King) အဖွဲ့အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ (၁၀) ဖွဲ့ ပါဝင် တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်မေးမြန်းနိုင်ဖို့ DNA က ဆက် သွယ်နေပေမယ့် အဆက်အသွယ်မရသေးပါဘူး။