အကြမ်းဖက်စစ်ကောင်စီဟာ ဧရာဝတီတိုင်း အတွင်းမှာ သက်သာချောင်ချိရေး ခေါင်းစဥ်တပ်ပြီး ဝါဒဖြန့်ပြီး ဆန်ဆီ နဲ့ စားသောက်ကုန်တွေကို ရောင်းချနေပေမယ့် မြို့ပေါ်နေရာတချို့မှာ ဟန်ပြလုပ်နေပြီး ကျေးလက်တွေမှာ စားဝတ်နေရေး ကြပ်တည်းမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ် ။
“ကုန်စျေးနှုန်းတက်လို့ စားရေး သောက်ရေးခက်ခဲတာခြင်း အတူတူပါ ။ ရွာတွေမှာ ကျတော့ လာရောင်းမပေးဘူး ရွာမှာက မြို့ထက်ပိုပြီး စျေးကြီးပါတယ်” လို့ ကန်ကြီးထောင့်မြို့နယ် မိချောင်းတရာရွာမှာ နေထိုင်သူတဦးက DNA ကိုပြောပါတယ်။
အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီဟာ ပုသိမ်၊ မြောင်းမြ ၊မအူပင် စတဲ့ ခရိုင်အဆင့်မြို့ကြီးတွေမှာတော့ ဦးရာလူ ဝယ်ယူစနစ်နဲ့ လူတဦးကို ဆီ (၅၀) သား တဗူး (၃၃၀၀) ကျပ် ၊ဆန်ကြမ်း တစ်ပြည် (၁၅၀၀) ကျပ်၊ ကြက်သွန်နီ (၅၀) ကျပ်သား (၁၂၀၀) ကျပ်၊ ကြက်ဥ (၁၀) လုံး (၁၈၀၀) ကျပ်နဲ့ ရောင်း ချပေးတယ်လို့ သိရပါတယ်။
“ရပ်ကွက်ထဲမှာက အိမ်ထောင်စု ၂၀၀၀ ကျော်ရှိတယ် ။ ရောင်းပေးတာ က လူ ( ၃၀၀ )လောက် ကိုပဲ ရောင်းပေးတယ် “လို့ ပုသိမ်မြို့အမှတ် ၁၄ ရပ်ကွက် က ရာအိမ်မှူး တဦးက ပြောပါတယ် ။
ကုန်ဈေးနူန်းကိုတည်ငြိမ်အောင် မလုပ်ပဲနဲ့ သက်သာချောင်ချိရေး ဆိုပြီး ဟန်ပြလုပ်နေတာ၊ ပြီးတော့ သူတို့ရဲ့ ဝါဒဖြန့် မီဒီယာတွေကနေ လိမ်ခဲ့ကြတာဟာ ဗမာစစ်တပ်ရဲ့ လုပ်ကွက်ဟောင်းတွေလို့ အသက် (၇၅) နှစ်ရှိ နိုင်ငံရေး အကျဥ်းသား ဟောင်းတဦးက ထောက်ပြပြောဆိုပါတယ်။
ဧရာ၀တီတိုင်းက ခရိုင်အဆင့်မြို့နဲ့ မြို့အချို့မှာ စစ်ကောင်စီက ဒေသခံကုန်သည်တွေကို ဖိအားပေးပြီး သက်သာချောင်ချိရေး ခေါင်းစဉ်နဲ့ ဟန်ပြစျေးရောင်းချမှု ကို စက်တင်ဘာ (၄) ရက်နေ့ကစတင်ပြီး ရောင်းချနေတာပါ။
ဆန်အပါ အဝင် စားသောက်ကုန်တွေကို သက်သာချောင်ချိရေး ခေါင်းစဥ်တပ်ရောင်းချကြရာမှာ ဒေသဆိုင်ရာ စစ်ကောင်စီ အဖွဲ့ခေါင်းဆောင်တွေ လာကြည့်ချိန်မှာ စတင်ရောင်းချပြီး ၊ မှတ်တမ်း ဓာတ်ပုံ၊ ဗွီဒီယိုတွေ အရိုက်ခံ ပြန်သွားတဲ့နောက် အရောင်းပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ငါးနှစ်အတွင်း အစိုးရသစ်ပြောင်းလဲမှုနဲ့အတူ စီးပွားရေး အလားအလာကောင်းတွေ ပိုင်ဆိုင်ခဲ့တဲ့ မြန်မာနိုင်ငံဟာ စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်အတွင်း အထွေထွေ အကြပ်အတည်းကို ဦးတည်နေပြီး အခြေခံစားသောက်ကုန်တွေ ရှားပါးပြတ်လပ်မှုနဲ့ ကြုံတွေ့ရမယ့် အခြေအနေ ရှိနေတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေ ၊ စီးပွားပညာရှင်တွေက တွက်ချက်နေကြပြီ ဖြစ်ပါတယ်။