ဧရာဝတီတိုင်း အတွင်းက ကျောင်းကုန်း ၊ လပွတ္တာ ၊ ရေကြည် ၊ မြောင်းမြ ၊ မအူပင် စတဲ့ မြို့နယ်အချို့မှာ ဆန် နဲ့စားသောက်ကုန် တွေကို အုပ်စုဖွဲ့ တောင်းယူတာတွေ ရှိနေတယ်လို့ ဒေသခံတွေ DNA ကို ပြောပါတယ် ။
“လုယက်တယ် ဓားမြတိုက်တယ်လို့ မဟုတ်ပါဘူး ။ ချက်စားဖို့ ဆန်ပေးပါ ဝိုင်းပြောလို့ ယူပါပြောတော့ ၊ ပါလာတဲ့ အိတ်လေးတွေနဲ့ ထည့်ယူသွားကြတယ်” လို့ လပွတ္တာမြို့ခံတဦးက ပြောပါတယ်။ ဒီလဆန်းပိုင်းထဲမှာ လပွတ္တာမြို့စွန်ရှိ ဆန်စက်တခုဆီကို လူ (၁၅) ကျော် စုဝေးရောက်လာပြီး စားဖို့ဆန်တောင်းတဲ့အတွက် ဆန်စက်ပိုင်ရှင်က တပိုင်တနိုင် သယ်သွားခွင့် ပြုလိုက်ရတဲ့ အခြေအနေကို ဆန်စက်ပိုင်ရှင်နဲ့ နီးစပ်သူ လပွတ္တာမြို့ခံတဦးက ပြန်ပြောပြခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ဖြစ်စဉ်မျိုးဟာ ပြီးခဲ့သောသြဂုတ်လ (၂၇)ရက်နေ့ကလည်း ကျောင်းကုန်းမြို့နယ် နဲ့ ကျံပျော်မြို့နယ် အကြား ဝက်ချောင်း ကျေးရွာအုပ်စု အတွင်းက လက်လီလက်ကား ကုန်စုံဆိုင် တစ်ဆိုင်မှာလည်း ဖြစ်ပွားခဲ့ပါတယ် ။ ညအချိန် လူတစုရောက်လာပြီး ဆန် ၊ ဆီ နဲ့ ခေါက်ဆွဲခြောက်တွေကို တောင်းယူသွားကြတာပါ ။
တောင်းယူသူတွေဟာ ရွာခံတွေ မဟုတ်ပေမယ့် ၊ မျက်နှာသိ ဒေသခံတွေ ၊ မရှိဆင်းရဲ နွမ်းပါးသူတွေ ဖြစ်နေတဲ့ အတွက် လုယက်ဖျက်ဆီးတာမျိုး မခံရအောင် အသာတကြည် ပေးလိုက်ရတယ်လို့ ဆိုင်ပိုင် ရှင်ကပြောပါတယ်။
စက်တင်ဘာ( ၄ )ရက်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီက မအူပင်မြို့မှာ သက်သာချောင်ချိရေး ခေါင်းစဥ်နဲ့ ဝါဒဖြန့် ဆန်ရောင်းချခဲ့ရာမှာ ရောင်းချမယ့် အိတ်အချို့ ပျောက်ဆုံးခဲ့တယ်လို့ အုပ်ချုပ်ရေး အဖွဲ့နဲ့ နီးစပ်သူတွေဆီက သတင်းထွက်ပေါ်ခဲ့ပါတယ် ။
ပုသိမ်မြို့ မှာတော့ အုပ်စုဖွဲ့ ဆန်နဲ့ရိက္ခာ တောင်းတဲ့ အဖြစ်အပျက်မျိုး မကြားရသေးပေမယ့် မြို့ပေါ်က ကုန်စုံဆိုင် အချို့မှာ စားသောက်ကုန်တွေ ဖောက်ထွင်းခိုးခံရတာနဲ့ လူပြတ်တဲ့လမ်းတွေမှာ လုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ် ။
“အခြေခံ စားသောက်ကုန်နဲ့ လူသုံးကုန်တွေက နေ့စဥ်နဲ့အမျှ ဈေးတက်နေတယ် ။ အလုပ်အကိုင်က ရှားလာတယ် ။ ဝင်ငွေနဲ့ထွက်ငွေ မမျှတတော့ ခုလိုအုပ်စုဖွဲ့ အင်အားနဲ့ တောင်းတာကနေ ဆန်လုတာ မျိုးတွေ ဖြစ်လာနိုင်တယ်”လို့ အငြိမ်းစား ရဲဝန်ထမ်း ဟောင်းတဦးက မှတ်ချက်ပေးပါတယ် ။
တနိုင်ငံလုံးမှာ သြဂုတ်လ အတွင်းက စတင်ပြီး ဆန်စပါးဈေး တဟုန်ထိုး စံချိန်တင် မြင့်တက်ခဲ့ပြီး စစ်တပ်အာ ဏာ မသိမ်းခင် (၂၀၂၀) ခုနှစ် ဆန်စပါးစျေးနှုန်းထက် ခေါက်ချိုး မြင့်တက်ခဲ့တာပါ ။ဒါ့အပြင် မီးဖိုချောင်းသုံး စားသောက်ကုန်တွေဖြစ်တဲ့ ဆီ၊ ငရုတ် ၊ကြက်သွန်နီ၊ကြက်သွန့်ဖြူ နဲ့ အာလူး တို့မှာလည်း စစ်တပ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အတွင်း( ၃) ဆမြင့်တက်လာနေပါတယ်။
မြန်မာတနိုင်ငံလုံး အနေနဲ့ ကိုဗစ်ကပ်ရောဂါ ရိုက်ခိုက်မှုကြောင့် ၂၀၂၀ နောက်ပိုင်းမှာ လူဦးရေရဲ့ ၈၃ ရာနှုန်းရဲ့ မိသားစုဝင်ငွေဟာ ထက်ဝက်ကျဆင်းသွားခဲ့ပြီး ကမ္ဘာ့စံသတ်မှတ်ချက်အရ ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်မှာ နေထိုင်ရသူ အရေအတွက်ဟာ ၁၁ ရာနှုန်းအထိ တိုးလာနိုင်တယ်လို့ UNDP က တွက်ချက်ထားပါတယ် ။
ဒါ့အပြင် ကပ်ရောဂါကာလအတွင်းမှာပဲ စစ်တပ်က အာဏာသိမ်းယူလိုက်တဲ့အတွက် နိုင်ငံရေး မတည်ငြိမ်မှုနဲ့အတူ စီးပွားရေးပြိုကျမှုဒဏ်ကိုပါ ခံနေရပြီး နိုင်ငံအနှံ့ အလုပ်လက်မဲ့ပြသနာ နဲ့အတူ ငတ်မွတ်မှုတွေ ၊ ခိုးယူလုယက်မှုတွေ စတဲ့ အထွေထွေအကျပ်အတည်းကာလကို ရင်ဆိုင်နေကြရတာကို သတင်းဌာနတွေရဲ့ နေ့စဉ်သတင်းတွေမှာ တွေ့မြင်နေရပြီ ဖြစ်ပါတယ်။