မတူပီမြို့မှာ စစ်တပ်က အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်လို့ မြို့ခံတွေထိတ်လန့်

Photo. CDF Matupi
ချင်းပြည်နယ်၊ မတူပီမြို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ ခလရ (၁၄၀) တပ်ရင်းက တိုက်ပွဲဖြစ်တာမရှိဘဲ ဒီကနေ့ညနေပိုင်းမှာ လက်နက်ကြီး သုံးလုံးပစ်ခတ်လို့ မြို့ခံတွေ ထိတ်လန့်နေကြတယ်လို့ ဒေသခံတချို့က DNA ကို ပြောပါတယ်။
“ဘာကြောင့်ပစ်မှန်းတော့မသိရဘူး၊ထိခိုက်မှုတော့မရှိဘူး”လို့ မတူပီမြို့ခံတဦးကပြောပါတယ်။
စစ်တပ် က မင်းတပ်-မတူပီလမ်းဘက်ကို တလုံးကျရောက်ပေါက်ကွဲခဲ့ပြီး နောက်တကြိမ်ကတော့ မတူပီ-ပလက်ဝ လမ်း ကိုးမိုင်ဘက်ကို နှစ်လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီပစ်ခတ်မှုကြောင့် လူနဲ့ နေအိမ်အဆောက်အဦးတွေထိခိုက်တာမျိုးတော့မရှိဘူးလို့ ဒေသခံတွေက ပြောပါ တယ်။အခုလို အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်လို့ မြို့ခံတွေထိတ်လန့်ကြတာရှိပေမယ့် လတ်တလော နေ ရပ်စွန့်ခွာ တိမ်းရှောင်ကြတာမျိုးတော့ မရှိသေးဘူးလို့လည်း သိရပါတယ်။
အခုလို စစ်တပ်က အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်တာဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကို ခြောက်လှန့် တာဖြစ်နိုင်တယ်လို့ CDF မတူပီတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မတူပီမြို့မှာ ဒေသ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ် လေ့ရှိပေမယ့် လတ်တလောမှာတော့ ဇူလိုင်လနှောင်းပိုင်း လေမျိုချောင်းတိုက်ပွဲပြီးကတည်းက တိုက်ပွဲဖြစ်တာမရှိ သေးပါဘူး။
တိုက်ပွဲမဖြစ်ပေမယ့် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေမကြာမကြာ လုပ်လေ့ရှိ ပြီး ဩဂုတ်လဆန်းပိုင်းကလည်း လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်လို့ မတူပီမြို့ ငလိုင်ကျေးရွာက နေအိမ်တလုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
မတူပီမြို့ စစ်ကောင်စီတပ်ရင်းမှာ ဩဂုတ်လနောက်ဆုံးပတ်ကတည်းက တိုက်ခိုက်ရေး ရဟတ်ယာဉ်တစီးရောက် လာတာတွေ့ရပြီး လက်ရှိအထိ အဲ့ဒီရဟတ်ယာဉ်ရှိနေသေးတဲ့အပြင် နောက်ထပ် တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ ရောက်လာဖို့ရှိနေတယ်လို့သိရတဲ့အကြောင်း မြို့ခံတွေက ပြောပါတယ်။