အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့မှာ မြန်မာနိုင်ငံသားတဦးကို ရူပီးသိန်း ၉၅၀ ဝန်းကျင်တန်ဖိုးရှိ စိတ်ကြွ ဆေးပြားတွေနဲ့အတူ ဖမ်းမိတယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အိုက်ဇောမြို့၊ အန်ဗာ့ရပ်ကွက်က လဘက်ရည်ဆိုင်တစ်ဆိုင်ထဲကို စက်တင်ဘာ (၆) ရက်ညနေပိုင်းမှာ မီဇိုရမ်ရဲတပ်ဖွဲ့ကရှာဖွေရာမှာ မြန်မာနိုင်ငံသားတစ်ဦးဖြစ်တဲ့ ဦးလန်ဒီကာ ဆီကနေ ကာလတန်ဖိုး ရူပီးသိန်း (၉၅၀) ဝန်းကျင် တန်ဖိုးရှိ စိတ်ကြွဆေးပြား (Methamphetamine) အလုံး လေးသိန်းနီးပါး ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
လဘက်ရည်ဆိုင်ကိုရှာဖွေရာမှာ ပလစ်တစ်အိတ်တွေနဲ့ထုပ်ထားတဲ့ စိတ်ကြွဆေးပြား ၃၈ ထုပ်ကိုတွေ့ရှိခဲ့ တာ ဖြစ်ပြီး အထုပ်တစ်ထုပ်မှာ ဆေးပြားအလုံးတစ်သောင်းပါရှိတယ်လို့ မီဇိုရမ် ရဲတပ်ဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲ့ဒီလို တွေ့ရှိတာကြောင့် မီဇိုရမ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးလက်ဝယ်တွေ့တဲ့ မြန်မာနိုင်ငံသား ဦးလန်ဒီကာ အပြင် လဘက်ရည်ဆိုင်ပိုင်ရှင် ဒေသခံအန္ဒိယနိုင်ငံသား ဦးလားဒင်ဆန်းငါ ကိုပါဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့သြဂုတ်လအတွင်းက မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသား ကိုးဦးအထိ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကိုမူးယစ်ဆေးဝါးတွေ သယ်ယူရောင်းချတာမျိုးမလုပ်ကြဖို့ ချင်းလူမူရေး အ သင်းချုပ်က ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့သလို PDF Zoland ကလည်း မြန်မာပြည်ကနေ အိန္ဒိယပြည်နယ် မီဇိုရမ် ပြည်နယ်ကို မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ သြဂုတ်လအတွင်း ထုတ်ပြန်သတိပေးခဲ့ပါတယ်။