နိုင်ငံတဝှမ်း ပြည်တွင်းနေရပ်စွန့်ခွာသူ ၁၃ သိန်းကျော်အထိရှိလာ

Photo- KIC
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒဿမ ၃ သန်းကျေ ာ်(၁၃သိန်းကျော်) အထိ ရှိလာပြီလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က အခုလ ဆန်းပိုင်းမှာ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းမှု မတိုင်ခင်ကတည်းက ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့် ခွာရသူသုံးသိန်းကျော် (၃၃၀၀၀၀) ရှိနေပြီး အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ကိုးသိန်းကျော် (၉၇၄၀၀၀) ဦး ထပ်တိုးလာတယ်လို့ဆိုပါတယ်။
UNOCHA အနေနဲ့ အခုနှစ်အတွင်း လူဦးရေး ခြောက်သန်းကျော်ကို လူမှုဘဝကယ်ဆယ်ရေး အကူအညီတွေ ပေးနိုင်ဖို့ ဦးတည်ထားပြီး နှစ်ဝက်ကာလအတွင်းမှာ လူဦးရေးသုံးသန်းကျော်အတွက် ကူညီပံ့ပိုးမှုတွေပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂရဲ့နောက်ဆုံး စာရင်းတွေအရ အခုနှစ်စက်တင်ဘာလ ၅ ရက်ထိ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း လတ်တလော အိုးအိမ်စွန့်ခွာသူဦးရေ ၉၆၀၀ နီးပါး ထပ်တိုးလာတယ်လို့ ဆိုပါတယ်။ ဒီလိုထပ်တိုး လာတာကြောင့် အရင်ပဋိပက္ခတွေနဲ့ လက်ရှိပြဿနာတွေကြောင့် အဲ့ဒီဒေသတွေမှာ နေရပ်စွန့်ခွာသူ စုစုပေါင်း ၈၄၀၀၀ ထိရှိလာပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရက္ခိုင်ပြည်နယ်တွင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင်တပ်တော် အေအေ တို့ကြားတိုက်ပွဲပြင်းထန်လာတောကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ တွေများလာတာပါ။
နေရပ်စွန့်ခွာထွက်ပြေးသူတွေ များလာတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေတိုးလာတယ်လို့ UNOCHA က ဆိုပါတယ်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေဟာ လူသားချင်းစာနာမှုအကူ အညီတွေ ဝင်ရောက်ကူညီထောက်ပံ့ဖို့ ခက်ခဲတဲ့ဒေသတွေမှာ တိမ်းရှောင်နေရတယ်လို့လည်း ထုတ်ပြန်ပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်တဝှမ်း နေရာအများအပြားမှာ လုံခြုံရေးအစီအမံတွေ တင်းကျပ်ထားသလို ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့ ကုန်းလမ်းရော ရေလမ်းပါပိတ်ဆို့ခံထားရပြီး ပလက်ဝမြို့နယ်ဘက် ဆေးဝါးနဲ့ ရိက္ခာပစ္စည်းတွေ သယ်ယူပို့ဆောင်ခွင့် ကန့်သတ်ခံထားရတဲ့အကြောင်းလည်း UNOCHA ကထုတ်ပြန်ပါတယ်။
ပြည်တွင်းအခြေစိုက် အချက်အလက်အခြေခံ သုတေသနအဖွဲ့တဖွဲ့ဖြစ်တဲ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး (မြန်မာ) ISP အဖွဲ့ကတော့ အာဏာသိမ်းမှုအလွန် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာရတဲ့ စစ်ရှောင်ဒုက္ခသည်တွေထဲ စစ်ကိုင်းတိုင်းက အများဆုံး ပါဝင်နေတယ်လို့ဆိုပါတယ်။
အဲ့ဒီအဖွဲ့ရဲ့ စစ်တမ်းတွေအရ စစ်ကိုင်းတိုင်းက စစ်ရှောင်ပြည်သူ ငါးသိန်းကျော် (၅၃၃၈၃၃) နဲ့ အများဆုံးဖြစ်နေပြီး မကွေးတိုင်းက တသိန်းခုနစ်သောင်းကျော် (၁၇၁၄၅၀) နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။
ဒါ့အပြင် ကယားပြည်နယ်မှာ စစ်ရှောင်ပြည်သူ တသိန်းခြောက်သောင်းကျော် (၁၆၃၆၀၀)၊ ပဲခူးတိုင်းမှာ တသိန်းခွဲကျော် (၁၅၅၅၃၃)၊ ကရင်ပြည်နယ်မှာ တသိန်းနှစ်သောင်းကျော်(၁၂၉၉၈၆)၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ကိုးသောင်းကျော်စီ ရှိနေတယ်လို့ ISP Myanmar အဖွဲ့က ဆိုပါတယ်။