တော်လှန်ရေးကာလရှည်ကြာလို့ မချင့်မရဲဖြစ်ရတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော


တော်လှန်ရေးကာလကြာလေ၊ ပြည်သူနာလေ တိုင်းပြည်နာလေဖြစ်တာကြောင့် တော်လှန်ရေးကာလ ရှည်ကြာလာတာကို မချင့်မရဲဖြစ်ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

“လာမယ့်နှစ်မှာတော့ ပြင်ဆင်မှုတွေ၊ အတွေ့အကြုံတွေလည်း အထိုက်အလျောက် ရှိလာခဲ့ပြီမို့ ကျွန်တော်တို့ ပိုမို အားထည့် ရုန်းကန်ရင်း အောင်ပွဲဆီကို အမြန်ဆုံး သွားကြရမှာ ဖြစ်ပါတယ်” လို့ မန်းဝင်းခိုင်သန်းက ဒီကနေ့ စက်တင်ဘာ (၆) ရက် မနက်ပိုင်းကပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းဝေးမှာ ပြောပါတယ်။

ပြီးခဲ့တဲ့တပတ်အတွင်း မဟာမိတ်တွေနဲ့ ဆွေးနွေးမှုတွေလုပ်ရာမှာ တော်လှန်ရေးအပေါ်ထားရှိတဲ့ သဘောထားတွေ တူညီနေတာကြောင့် ဘုံသဘောတူညီချက်တွေနဲ့ ခရီးဆက်ရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆက်ပြောပါတယ်။

ယာယီ သမ္မတ ဒူဝါလရှီးလကတော့ အကြမ်းဖက်စစ်ကောင်စီက နေ့စဉ်နဲ့အမျှ အပြစ်မဲ့ ပြည်သူတွေကို သတ် ဖြတ်တာ၊ ဖမ်းဆီးထောင်ချ နှိပ်စက်နေတာ၊ ရွာတွေကို မီးရှို့ဖျက်ဆီးနေတာတွေဟာ အကျည်းတန် လူရိုင်းဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

NUG အစိုးရအနေနဲ့ ပြည်သူ့ခုခံတော်လှန်စစ်ကြေညာပြီးနောက် တနှစ်အတွင်း အောင်မြင်မှုတွေရှိသလို စိန်ခေါ်မှု တွေ၊ ထိခိုက်နစ်နာမှုတွေလည်း ရှိခဲ့တယ်လို့ ယာယီသမ္မတ ဒူဝါ လရှီးလကဆိုပါတယ်။

“အဆိုပါ ထိခိုက်နစ်နာခဲ့မှုများကို သင်ခန်းစာအဖြစ်ယူပြီး စိန်ခေါ်မှုများကို ကျော်လွှားကာ ပြည်သူလူထုများ လိုလားမျှော်မှန်းနေတဲ့ ပန်းတိုင်ကို အမြန်ဆုံးရရှိအောင် ဆက်လက်အားတင်းပြီး ကြိုးစားရမှာ ဖြစ်ပါတယ်”လို့ သူကဆက်ပြောပါတယ်။

NUG အစိုးရက ပြည်သူ့ခုခံတော်လှန်စစ် စတင်ကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာ (၇) ရက်မှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မနက်ဖြန်မှာ ပြည်သူ့ခုခံတော်လှန်စစ်စတင်တဲ့ တနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အခြေပြမိန့်ခွန်းပြောဖို့ရှိတယ်လို့ သိရပါတယ်။