ဖျာပုံ နဲ့ မအူပင် ဒေသခံ တဆယ့်ကိုးဦးကို PDF လို့ စွပ်စွဲ ဖမ်းဆီး

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်နဲ့ မအူပင်မြို့ နယ်က ဒေသခံ( ၁၉) ဦးကို အကြမ်းဖက်စစ်ကာင်စီတပ်ဖွဲ့တွေက PDFတွေလို့ဆိုပြီး ဖမ်းဆီးထားပေမယ့် ဒါဟာ အခြေအမြစ်မရှိ ဖမ်းဆီးတာလို့ ဒေသခံအချို့က DNA ကို ပြောပါတယ်။
“သတင်းထုတ်ပြန်ချက်ထဲမှာ ပါတဲ့အများစုက PDF မဟုတ်ဘူး။ မသက်ဆိုင်တဲ့သူတွေကိုပါ ရမ်းသမ်း စွပ်စွဲဖမ်းဆီးထားတယ်” လို့ ဆိုပါတယ်။
ဖျာပုံမြို့နယ်က ဒေသခံ (၁၄)ဦးနဲ့ မအူပင်မြို့နယ်က ဒေသခံ (၅) ဦးကို ဖမ်းမိထားတယ်လို့
အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာ (၃) ရက်နေ့က သတင်းထုတ်ပြန်ခဲ့တာပါ။
ဖျာပုံမြို့နယ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးကိုတော့ သေဆုံးနေတဲ့ပုံစံမျိုးနဲ့ သတင်းဓာတ်ပုံမှာ အသုံးပြု ဖေါ်ပြထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ဧရာဝတီတိုင်း စစ်ဒေသကွပ်ကဲရေး အဖွဲ့ ဖွဲ့စည်းလိုက်တဲ့ သတင်းထွက်ပေါပြီးနောက် အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းအတွင်းက မြို့နယ်တိုင်းမှာ လုံခြုံရေး ပိုမိုတင်းကြပ်နေပါတယ်။
“မြို့၀င်ထွက်တွေ ဧည့်စာရင်းတွေ ကိုပိုက်စိပ် တိုက်စစ်ကြတယ် ။ ဒလန်သတင်းပေးတွေ ပျူတွေနဲ့ ခြေရှုပ်နေကြတယ်”လို့ ဖျာပုံဒေသခံတဦးက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းက မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်တချို့ဟာလည်း စက်တင်ဘာလဆန်းပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့ နယ်အတွင်းမှာ ပစ်ခတ်ဖမ်းဆီးခံခဲ့ရပါတယ်။