လူအုပ်ကြီးရဲ့ သဘောအနက်ကို လေးနက်စွာ ဆင်ခြင်ကြဖို့ 

၁။ လက်ရှိ မြန်မာနိုင်ငံဟာ — မျှော်လင့်ချက်မဲ့ အခြေအနေဖြစ်နေပါတယ်။ ပြဿနာရပ်တိုင်းရဲ့ အဖြေဟာ – ဆန်စင်ရာ ကျည်ပွေ့လိုက်သလို ဆောက်တည်ရာ မရ၊ ဦးတည်ရာမဲ့ ဖြစ်နေပါတယ်။ လူ့အဖွဲ့အစည်းတွင်းက လူမှုစီးပွားပဋိပက္ခတွေကို ဖြေရှင်းရာမှာ ဦးနင်း ပဲ့ထောင်၊ ပဲ့နင်း ဦးထောင် ဖြစ်နေပါတယ်။ ၂၀၂၁ – ၂၀၂၂ ခုနှစ်ဟာ တိုင်းပြည်ရဲ့ ကသောင်းကနင်း နှစ်များလို့ ပြောရပါလိမ့်မယ်။ လာမယ့် ၂၀၂၃ ခုနှစ်မှာလည်း ပိုကောင်း လာနိုင်သော အခြေအနေများကို မျှော်လင့်နိုင်စွမ်း မဲ့နေရပါတယ်။ မြန်မာပြည်ကို အလုံးစုံ ပျက်သုဉ်ရေး ချောက်ထဲထိ ဆွဲချသွားချင်တဲ့ လူအုပ်စုတွေ ဒင်းကြမ်းပြည့်နေတာတွေ့ရပါတယ်။ ပေါက်တဲ့ နဖူး မထူး – ဆိုတဲ့ မထူးဇာတ်ခင်းချင်သူတွေလည်း ဒုနဲ့ ဒေးပါပဲ။ နောင်ခါလာ နောင်ခါစျေးလို့ တွက်ပြီး ရေရှည်အတွက် အမြော် အမြင် ကင်းမဲ့စွာ စဉ်းစားချက်တွေကလည်း ထုလိုက်ထည်လိုက်ပါပဲ။ 

၂။ မြန်မာ့လူ့အဖွဲ့အစည်းတွင်းက ပဋိပက္ခတွေ အားလုံးဟာ အကန့်အသတ်ရယ်လို့ စည်းဘောင်ရယ်လို့ ရှိမနေ တော့ပါ။ မီးခိုး ကြွက်လျှောက် အကန့်အသတ်မရှိ ဖြစ်ပျက်နေပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ဆိုင်ရာ ဆိုင်ရာ နယ်ပယ်အလိုက် ဦးဆောင်ဦးရွက်ပြုနေသူတွေ၊ ခေါင်းဆောင်နေတဲ့သူတွေ အမြောက်အမြား ရှိပါတယ်။ အားလုံးဟာ ဖရိုဖရဲဖြစ်နေတဲ့ လူ့အဖွဲ့အစည်းကို အပြောင်းအလဲကြီးကြီးမားမား ဖြစ်အောင် လှည့်ပြောင်းနိုင်စွမ်း ရှိသူတွေကို မတွေ့ရဘူး၊ မမြင်ရဘူး။ ဘယ်သူကများ လက်ရှိ အကျပ်အတည်းကို ဖောက်ထွက်အောင် ဦးဆောင် ဦးရွက် ပြုနိုင်မှာလဲ။ 

၃။ တိုင်းပြည်မှာ လူအုပ်ကြီးနောက် လိုက်တဲ့သူသာ များနေပါတယ်။ အမှန်ကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဝံ့သူ ရှားပါး နေပါတယ်။ မြန်မာတွေဟာ အဆဲသန်တယ်။ အုပ်စုစွဲစိတ် အားကြီးပါတယ်။ အသိုင်းအဝိုင်းရဲ့ ဖိအားဒဏ်ကို နိုင်ငံရေးခေါင်းဆောင်တွေဟာ မခံနိုင်ကြပါ။ အသိုင်းအဝိုင်းကိုယ်၌ကလည်း — အများသဘော အမှားပေါသလို ဖြစ်နေတာကို တွေ့နေရပါတယ်။ လတ်တလောအခြေအနေကို ကြည့်ရင် — လူထုခေါင်းဆောင်အသီးသီးဟာ ပြည်သူကို ယေဘုယျတွေပဲ ပြောဟောပြီး ဦးဆောင်နေတာကို တွေ့ရပါတယ်။ တိကျသေချာပြီး ရှင်းလင်းပြတ် သားတဲ့ လမ်းညွှန်ဦးဆောင်မှုမျိုးကို မပေးနိုင်ပါ။ 

၄။ လူထုခေါင်းဆောင်ဆိုသူတွေရဲ့ ပြောဆိုလမ်းညွှန်ချက်တွေဟာ – ဘယ်မှတ်တိုင်ကို ဆိုက်ပြီ၊ ဘယ်ခရီးကို ရောက်ပြီ၊ ဘယ်အချိန်မှာ ဘယ်လို အဆင့် အနေအထားကို ရောက်တယ်ဆိုတာကို တိတိကျကျ တိုင်းတာပြနိုင် တာမျိုးတွေ ပြောဆိုနေတာ မတွေ့ရပါဘူး။ လိုသလို ဆွဲယူနိုင်တဲ့၊ စိတ်ရှိသလို အနက်ဖွင့်နိုင်တဲ့၊ စကားတတ်တိုင်း ဆွဲယူလက်ခံနိုင်မယ့် ယေဘုယျအကြောင်းအရာတွေကိုသာ အကန့်အသတ်မရှိ၊ စည်းလွတ်ဘောင်လွတ်နဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိ ပြောဆိုနေတာကို တွေ့ရပါတယ်။ တိုင်းပြည်ကို ဦးဆောင်နေတဲ့ ခေါင်းဆောင်ကြီးတွေ ဆိုတာ – မဟာခေါင်းရှောင်ကြီးတွေ ဖြစ်ကြောင်း တွေ့မြင်နေရပါတယ်။ 

၅။ လက်ရှိ အခြေအနေဟာ — လူထုရဲ့ အသံအစစ်ကို သကာမအုပ်ပဲ ကြားမြင်နိုင်ဖို့ အခက်ခဲဆုံးကာလဖြစ်နေပါ တယ်။ ဆိုင်ရာ ဆိုင်ရာ နယ်ပယ် ကဏ္ဍအသီးသီးက လူပုဂ္ဂိုလ်တွေဟာ — သူတို့စိတ်အမှောင်ထဲက ပယောဂတွေ ကို လူထုအသံလို့ ခေါင်းစဉ်တပ်ပြီး ထုတ်ပိုးသယ်ဆောင်လာပါတယ်။ ထို့နောက် အများပြည်သူ အားလုံးကို ကိုယ်စားပြုသကဲ့သို့ လှည့်ဖြားပါတယ်။ ကိုယ်စားပြုမှုဆိုတာဟာ အကန့်အသတ် ရှိထားတဲ့အရာဖြစ်ကြောင်း အများပြည်သူကို သိစေချင်ပါတယ်။ အမည်ပညတ်အသီးသီးနဲ့ တံဆိပ် – ခေါင်းစဉ် အသွယ်သွယ်ကို တပ်ပြီး တော့ ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုကြောင်း အမျိုးမျိုး ကြောင်းကျိုးပြ တင်ပြလို့ ရပါတယ်။ အသိဉာဏ် အကန့်အသတ်ရှိရင် ရှိသလောက်၊ ဉာဏ်တိမ်ရင် တိမ်သလောက်၊ ဆင်ခြင်တုံတရား နိမ့်ရင် နိမ့်သလောက် – ဒီလို ဇာတ်ညွှန်းတွေကို အများပြည်သူကို အမှန်တကယ်လို့ ထင်အောင် ၊ ဟုတ်ယောင်ထင်မှုတွေနဲ့ သိုင်းဝိုင်းပြီး ယုံစားခိုင်းလို့ ရနေပါတယ်။ 

ပြည်သူလူထု တစ်ဦးချင်းစီဟာ — လူအုပ်ကြီးနဲ့ သဘောသဘာဝနဲ့ အတိမ်အနက်ကို လေးနက်စွာ သိနားလည်စေဖို့ ဖြစ်ပါကြောင်း…..။ 

အယ်ဒီတာ 

၂၀၂၂  စက်တင်ဘာ (၅)