ပြည်သူ့သံအမတ် ဦးကျော်မိုးထွန်းကို UN မှာ ဆက်လက် ထားရှိပေးဖို့ ဆောမြို့နယ်မှာ ပြည်သူအင်အား တထောင်ကျော်နဲ့ ဆန္ဒထုတ်ဖော်

Photo – CJ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြောင်းနဲ့ ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို ကုလသမဂ္ဂမှာ လက်ခံပေးဖို့တောင်းဆိုတဲ့အနေနဲ့ ဆောမြို့မှာ လူအင်အားတထောင်ကျော်နဲ့ ဒီနေ့ စက်တင်ဘာလ (၅) ရက် မနက်ပိုင်းကဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

“ကျွန်တော်တို့က NUG အစိုးရကိုပဲ တရားဝင်အသိအမှတ်ပြုတယ်၊ UN မှာ မြန်မာနိုင်ငံရဲ့ကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းဆက်ရှိနေဖို့က အရေးကြီးတယ်၊ အဲ့လိုမဟုတ်ပဲ အကြမ်းဖက်စစ်တပ်ကို ကိုယ်စားပြုနေတဲ့ ကိုယ် စားလှယ်သာ UN မှာရှိနေရင် တော်လှန်ရေးဟာ ကြန့်ကြာနေမယ်” လို့ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်တဲ့ The Youth Force (Saw-Kyaukhtu) လူငယ်တာဝန်ခံ ကိုဇင်ကိုဝင်းက ပြောပါတယ်။

အဲ့ဒီ ဆန္ဒထုတ်ဖော်ပွဲကို ဒေသတွင်းတော်လှန်ရေးအဖွဲ့တခုဖြစ်တဲ့ The Youth Force (Saw-Kyaukhtu) က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ချင်း၊ ဗမာ၊ တောင်သား စတဲ့ တိုင်းရင်းသားတွေ၊ ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ ဆရာမတွေ စုစုပေါင်း ပြည်သူအင်အား (၁၀၀၀) ကျော်ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာပါဝင်သူတွေက NUG အစိုးရကိုထောက်ခံကြောင်း၊ ပြည်သူ့သံအမတ် ဦးကျော်မိုးထွန်းကို UN မှာဆက်ထားပေးဖို့ အင်္ဂလိပ်လိုရော၊ မြန်မာလိုပါကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်တဲ့ပြည်သူတွေလုံခြုံရေးကို ဆောမြို့နယ် ပြည့်သူအုပ်ချုပ်ရေးအဖွဲ့နဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့တွေက လုံခြုံရေး တာဝန်ယူပေးခဲ့တယ်လို့လည်း သိရပါတယ်။

အဲ့ဒီဆန္ဒပြပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းတို့က မြန်မာပြည်သူတွေရဲ့အသံကို ကမ္ဘာကသိဖို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းရှိနေဖို့ အရေးကြီးတဲ့အကြောင်း ရုပ်သံကတဆင့် မိန့်ခွန်းပြောခဲ့တယ်လို့ သိရပါတယ်။

ယောဒေသပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း အဲ့ဒီဆန္ဒထုတ်ဖော်ပွဲမှာ သစ္စာဓိဌာန်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့အနေနဲ့ကတော့ အဏာရှင်ကိုဖြုတ်ချဖို့ ရာနူန်းပြည့်သေချာပြီးသားဖြစ်တယ်၊ စိတ်ဓာတ်လည်း ပြတ် သားပြီးသားဖြစ်တယ်” လို့ The Youth Force လူငယ်တာဝန်ခံ ကိုဇင်ကိုဝင်းက ဆိုပါတယ်။