အုပ်ချုပ်ရေးမှူးက ဈေးမြေကို အကွက်ရိုက်ပြီးရောင်းနေလို့ ဈေးသည်တွေ အခက်တွေ့

ဧရာဝတီတိုင်း၊ မြောင်းမြမြို့ ၊ မြကန်သာရပ်ကွက် အုပ်ချုပ်ရေးမှူး က ဈေးသည်တွေကိုဖယ်ခိုင်းပြီး မြေနေရာကို အကွက်ရိုက် ရောင်းစားနေတဲ့အတွက် စျေးသည်တွေ အ ခက်တွေ့နေရတယ်လို့ သိရပါတယ်။
မြကန်သာရပ်ကွက် ဒိုဘီကုန်း စည်ပင်သာယာ ပျံကျဈေးက​ ဈေးသည်တွေကို ဖယ်ရှားခိုင်းပြီးနောက် အဲ့ဒီမြေနေရာတွေကို မြကန်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က အကွက်ရိုက်ပြီး ပြန်ရောင်းစားနေတာပါ။
“စျေးဗန်းခင်းဖို့ ကိုယ့်နေရာ ပြန်မရတော့ဘူး။ မြေနေရာ ရထားတဲ့ သူဆီကနေ စျေးကြီးပေးပြန်ဝယ် ရောင်းကြရတယ်။ အချို့တွေဆို ဝယ်ဖို့ မတတ်နိုင် လို့ တစ်နေ့ချင်းနေရာ ငှါးခ ပေးပြီးရောင်းနေရတယ်။ အရောင်းအဝယ် မကောင်းတဲ့ အချိန်ကာလကြီးမှာ အရမ်းအခက်အခဲ ဖြစ်တယ်”လို့ ဈေးရောင်းဖို့ ​နေ ရာပြန်မရတဲ့ စျေးသည်တဦး က​ပြောပါတယ်။
ဈေးဗန်းခင်းရောင်းဖို့ မြေနေရာ ၅ပေ တကွက်ကို တသောင်းခွဲကျပ် နဲ့ အကွက် ၁၅၀ ကျော်ကို ပြီးခဲ့တဲ့ သြဂုတ်လ (၂၈) ရက်နေ့ က စတင်ပြီး ငွေပင်ငွေရင်း မြုပ်နှံနိုင်သူ လမ်းကော်မတီ အချို့ထံ အုပ်ချုပ်ရေးမှူးက ပြန်ရောင်းစားတာလို့ ဖယ်ရှားခံ ဈေးသည်တွေက ပြောပါတယ်။
အုပ်ချုပ်ရေးမှူး နဲ့ လမ်းကော်မတီက စျေးလမ်းပြုပြင်ဖို့ ဆိုပြီး စျေးသည်နဲ့ စျေးဝယ်သူ တွေဆီက အလှူငွေကို နေ့တိုင်းခွက်ထိုးခံပြီး( ၃)လကျော် ကောက်ခံခဲ့တဲ့အပြင် ရေနုတ်မြောင်း ပြုပြင်ဖို့ဆိုပြီး စျေးသည်တွေဆီက ၃၅,၀၀၀ ကျပ်ကိုလည်း ကောက်ခံထားသေးတယ်လို့ သိရပါတယ်။
“စျေးသည်တွေကို လမ်းချဲ့ပြီးတာနဲ့ နေရာပြန်ရမယ်လို့ ဆိုပြီးဖယ်ခိုင်းပြီးတော့ အဲ့ဒီမြေကို အကွက်ရိုက် ပြီး စျေးသည် မဟုတ်တဲ့ သူတွေကို ပြန်ရောင်းစားတယ်” လို့ ဈေးကော်မတီဟောင်းတဦးက ဆိုပါတယ်။
နှစ်ပေါင်း (၃၀)ကျော်ခန့် ရှိနေပြီးဖြစ်တဲ့ စည်ပင်သာယာ ပျံကျဈေးဖြစ်ပြီး ရောင်းချသူတွေက နေ့စဥ် ဈေးကောက် နဲ့ သန့်ရှင်းရေးခသာ ပေးဆောင်ရတဲ့ စျေးဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ စီမံခွင့်မရှိတဲ့ ဈေးဖြစ်တယ်လို့ မြောင်းမြမြို့ စည်ပင်သာယာရုံးက သိရပါတယ်။
စစ်ကောင်စီ နဲ့ ပူးပေါင်းပြီး ဒေသခံတွေကို ခြိမ်းခြောက်အကြပ်ကိုင် ငွေတောင်းတဲ့ မြကန်သာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်ရဲ့ အိမ်ရှေ့မှာ ၂၀၂၁ မေလ (၃၀) ရက်နေ့က မြောင်းမြမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဗုံးဖောက်ခွဲ သတိပေးခံရဘူးတယ်လို့ သိရပါတယ်။