ကုလညီလာခံတက်ရောက်မယ့် ရုရှားနိုင်ငံခြားရေးဝန်ကြီးကို အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာမပေး

Photo – Reuters

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ အခုလ ကုလသမဂ္ဂမှာကျင်းပမယ့် ညီလာခံကိုတက်ရောက်ဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ကို အမေရိကန်အစိုးရက ပြည်ဝင်ခွင့် ဗီဇာမပေးသေးဘူးလို့ သိရပါတယ်။ 

ကုလသမဂ္ဂမှာ နှစ်စဉ်ကျင်းပတဲ့ ကမ္ဘာ့ခေါင်းဆောင်များစုဝေးပွဲအတွက် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့နဲ့ သူ့ရဲ့ ကိုယ်စားလှယ်အဖွဲ့ နယူးယောက်ကို သွားရောက်ဖို့အတွက်  အမေရိကန်ဆီကနေ ရုရှားက ဗီဇာ ၅၆ ခု တောင်းဆိုထားတာ ဖြစ်ပြီး အခုချိန်ထိ မရသေးဘူးလို့ ဆိုပါတယ်။ 

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဆီပေးပို့တဲ့ စာတစ်စောင်မှာလည်း  “ဒါက စိုးရိမ်စရာပါ၊ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့လတွေက အမေရိကန်ဟာ တခြားကုလသမဂ္ဂ အခမ်းအနားတွေ အတွက် ရုရှားကိုယ်စားလှယ် အတော်များများကို ပြည်ဝင်ခွင့်ဗီဇာပေးဖို့ အမြဲလိုလို ငြင်းဆန်နေခဲ့တယ်” လို့ ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး Vasily Nebenzia က ရေးသားထားပါတယ်။

“ကုလသမဂ္ဂရဲ့ အိမ်ရှင်နိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုက သူ့ရဲ့တာဝန်တွေကို လေးလေးနက်နက် ဆောင်ရွက်နေပါတယ်၊ ဗီဇာမှတ်တမ်းတွေကတော့ အမေရိကန် ဥပဒေအရ လျှို့ဝှက်ထားတဲ့အတွက် တစ်ဦးချင်းကိစ္စမှာ မှတ်ချက်မပေးနိုင်ဘူး” လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

၁၉၄၇ ခုနှစ် ကုလသမဂ္ဂဌာနချုပ် သဘောတူညီချက်အရ ယေဘုယျအားဖြင့်တော့ အမေရိကန်ပြည်ထောင်စုက နိုင်ငံခြားသံတမန်တွေကို ကုလသမဂ္ဂထဲ ဝင်ရောက်ခွင့်ပြုဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် လုံခြုံရေး၊ အကြမ်းဖက်မှုနဲ့ နိုင်ငံခြားရေးမူဝါဒ အကြောင်းပြချက်တွေအတွက် ဗီဇာတွေကို ငြင်းပယ်နိုင်တယ်လို့လည်း အမေရိကန်က ပြောဆိုပါတယ်။

ဖေဖော်ဝါရီလက အိမ်နီးချင်း ယူကရိန်းကို ရုရှားက ကျူးကျော်လိုက်ကတည်းက အမေရိကန်နဲ့ ရုရှားကြား ဆက်ဆံရေး ပြတ်တောက်သွားခဲ့တာပါ။