ဆေးဝါးဈေးတွေအဆမတန်မြင့်တက်လာလို့ ဆေးဆိုင်ငယ်တွေနဲ့ဝယ်ယူသူတွေအခက်တွေ့

Photo – FDA Myanmar
မြန်မာငွေတန်ဖိုးကျကာ ဒေါ်လာဈေး၊ ဘတ်ငွေဈေး အဆမတန်တက်လာတာတွေကြောင့် ဆေးဆိုင်ငယ်တွေ အခက်တွေ့နေရပြီး ပိတ်သိမ်းတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
“ကုမ္ပဏီတွေက ဈေးတက်ရင် prize list ထုတ်ပေးပါရဲ့၊လက်ကားဆိုင်ကြီးတွေက အဲ့ဈေးနဲ့မ ပေးဘူး၊ လက်လီ ဆိုင်တွေပြုတ်ပေါ့၊ သိရတာတော့ ဆေးဆိုင် group တွေထဲ ဆိုင်ဖြုတ်ဆိုပြီး ဆေးတွေအကုန် ရောင်းနေကြတာ” လို့ မြဝတီမြို့ထဲက လက်လီဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့က လက်လီဆေးဆိုင်ပိုင်ရှင်တဦးကတော့ ဆေးဝါးဈေးနှုန်းတွေနဲ့ပတ်သက်ပြီး ကုမ္ပဏီတွေ၊ လက်ကား ဆိုင်တွေနဲ့ လက်လီဆိုင်တွေအဆင့်ဆင့်ဖြန့်ဖြူးရောင်းချကြတဲ့အခါ သတ်မှတ်နှုန်းထားတွေအတိုင်း အဆင့်ဆင့် အမြတ်တင်ကြတာဖြစ်လို့ ဈေးနှုန်းကွာဟမှုရှိနိုင်တယ်လို့ပြောပါတယ်။
လက်လီဆေးဆိုင်တွေအနေနဲ့ တရိပ်ရိပ်တက်လာနေတဲ့ ဆေးဝါးဈေးနှုန်းတွေကြောင့် လူသုံးများတဲ့ ဆေးဝါး တချို့ကိုတောင် ဝယ်မတင်နိုင်တော့ဘူးလို့ဆိုပါတယ်။Biogesic အရည်၊ Appeton အားဆေး နဲ့ Ensure Supplement တို့လို လူသုံးများတဲ့ ဆေးဝါးတွေကို လက်ရှိဈေးနှုန်းတွေအရ ဝယ်မတင်နိုင်တော့ဘူးလို့ ဆေး ဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
“တချို့ကျ စွဲသောက်နေရတဲ့ဆေးမျိုး နာတာရှည်ရောဂါဆို ဈေးတက်လည်း ဝယ်သွားကြတာပဲ၊ အားနာနာနဲ့ ရောင်းရတာပေါ့၊ အားဆေးလိုဟာမျိုးဆို ဘယ်သူမှမဝယ်တော့ဘူး၊တချို့ကျတော့လည်း ဈေးတက် တယ်နော် ပြောတာနဲ့ လှည့်ပြန်သွားကြတယ်” လို့ သူကပြောပါတယ်။
အဲ့ဒီလို ဈေးနှုန်းအဆမတန်တက်တာအပြင် လိုအပ်တဲ့ ဆေးဝါးကို ဝယ်ယူလို့မရတဲ့အထိ ပြတ်လပ်နေ ကြောင့် လူနာတွေအတွက်လည်း အခက်အခဲဖြစ်နေရတယ်လို့ ဘားအံမြို့က ဒေသခံတွေကပြောပါတယ်။
“အမေဆိုသွေးတိုးကျဆေးနဲ့ထိန်းဆေးကို ငါးမျိုးလောက်သောက်နေရတာလေ၊သွေးတိုးကျဆေးက အမျိုး မျိုးရှိပေမယ့် methyldopa လိုမျိုး ကိုယ်ဝန်ဆောင်တွေပါသောက်ရတဲ့ဆေးက ခဏခဏပြတ်တယ်၊ ဆိုင်တွေကတော့ရှိရင်အကုန်ရောင်းပေးပါတယ်၊ ဆေးရုံကြီးရဲ့ အရေးပေါ်မှာတော့ ဘာဆေးမှမရှိတော့ဘူး” လို့ ဘားအံမြို့ဒေသခံတစ်ဦးက ဆိုပါတယ်။
ဇူလိုင်လလယ်ပိုင်းကစပြီး ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာခဲ့တာဟာ အခုချိန်မှာတော့ ဒေါ်လာဈေး၊ ဘတ် ဈေးတွေအဆမတန်ထိုးတက်လို့ ဆေးကုမ္ပဏီတချို့အရောင်းပိတ်ထားပြီး ဆေးအမျိုးအစားတွေ အားလုံးဟာလည်း အနည်းဆုံး နှစ်ဆလောက်အထိ ဈေးတက်ကုန်တယ်လို့သိရပါတယ်။