စစ်ကောင်စီရဲ့ ပြည်သူ့စစ်မဟာဗျူဟာ

 

 

မြန်မာစစ်တပ်ဟာ – ထိန်းချုပ်ဧရိယာကျကျနန မလုပ်နိုင်တဲ့ ဒေသတွေကို၊ ပြည်သူ့စစ်မဟာဗျူဟာနဲ့ “သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့” တွေ ဖွဲ့စည်းပေးတတ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ ဝါဒဖြန့်ချိရေး စာအုပ် စာစောင်တွေမှာ၊ ပြည်တွင်းစစ်လို့ သုံးနှုန်းခဲပါတယ်။ “ပြည်တွင်းသောင်းကျန်းမှုသမိုင်း” လို့ ပြည်တွင်းစစ်သမိုင်း ကို ပုံဖော်ပါတယ်။ သောင်းကျန်းသူတွေ ရှိလို့ နှိမ်နင်းရတယ်၊ အင်အားသုံးရတယ်၊ ပြင်းပြင်းထန်ထန် ဖြိုခွင်းရ တယ်ဆိုတဲ့ ဇာတ်ညွှန်းကို၊ မြန်မာစစ်တပ်ဟာ အစဉ်တစိုက်ရေးသားလာခဲ့ပါတယ်။ ဒီဇာတ်ညွှန်းကို ပြန်လည် ဖြည်ထုတ်ဖို့ ကြိုးစားတာတွေ ရှိပေမယ့်၊ ယနေ့အချိန်အထိ စစ်တပ်အသိုင်းအဝိုင်းဟာ စစ်ခေါင်းဆောင်အဆက် ဆက် ပုံဖော်လာတဲ့ ဇာတ်ညွှန်းကို ယုံကြည်သက်ဝင်နေဆဲဖြစ်ပါတယ်။

 

မြန်မာစစ်တပ်ဟာ – ပုန်ကန်သူ ရှိတယ်ဆိုတဲ့ နေရာတွေမှာ၊ ပြည်သူ့စစ်တွေ မွေးထားလေ့ရှိပါတယ်။ အထူးသဖြင့် ထောက်ပို့ရေးခက်ခဲပြီး မြန်မာစစ်သားတွေနဲ့ ဖိဖိစီးစီး တွန်းလှန်‌ ဖြိုဖျက်ပစ်လို့ မလွယ်တဲ့ ဒေသတွေမှာ၊ ပြည်သူ့စစ်အဖွဲ့တွေကို ဖွဲ့စည်းပေးတတ်ပါတယ်။

 

ပြည်သူ့စစ်မဟာဗျူဟာဆိုတာ —

 

  • တိုင်းရင်းသား – တိုင်းရင်းသား အချင်းချင်း
  • မီဒီယာ – မီဒီယာ အချင်းချင်း
  • ပါတီ – ပါတီ အချင်းချင်း
  • ပြည်သူ – ပြည်သူ အချင်းချင်း
  • ဘုန်းကြီး – ဘုန်းကြီး အချင်းချင်း
  • ကျောင်းသား – ကျောင်းသား အချင်းချင်း

 

ထိန်းကျောင်းဖို့ သွေးထိုးသပ်လျှိုထားတဲ့ ပုံစံဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ လက်ထက်တွေမှာ၊ ပြည်သူ့စစ် မဟာဗျူဟာကို အစဉ်တစိုက် သုံးစွဲလာတာတွေ့ရပါတယ်။ အထူးသဖြင့် ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်ကနေ စပြီး၊ ပြည်သူကို ပြည်သူနဲ့ ထိန်းဖို့၊ ဘုန်းကြီးကို ဘုန်းကြီးနဲ့ ထိန်းဖို့၊ တိုင်းရင်းသားကို တိုင်းရင်းသားနဲ့ ထိန်းဖို့၊ ကျောင်းသားကို ကျောင်းသားနဲ့ ထိန်းဖို့…. ရည်ရွယ်ချက်ထားတာတွေ့ရပါတယ်။

 

ပုန်ကန်ဧရိယာတွေ

 

မြန်မာစစ်တပ်ဟာ — တောခို ပုန်ကန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ ကြီးစိုးရာနေရာတွေမှာ၊ လူမျိုးစုအကွဲအပြဲကို ခြေရာခံပြီး၊ ပြည်သူ့စစ်တွေ ဖွဲ့စည်းပေးလေ့ရှိပါတယ်။ ပြည်သူ့စစ်အဖွဲ့တွေကို စစ်ရေး သင်တန်း အကန့်အသတ်ထားပြီး ပေးတယ်။ လက်နက်အင်အား ထောက်ပံ့တယ်။ လုပ်ပိုင်ခွင့် ပေးတာတွေ ရှိတယ်။ ပြီးတော့ မြန်မာစစ်တပ်ကို ဩဇာခံခိုင်းတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတွေ အခြေစိုက်တဲ့ ဒေသတွေမှာ ပြည်သူ့စစ်အဖွဲ့ငယ်လေးတွေ အမြောက်အမြား ပေါ်အောင် မြန်မာစစ်တပ်က မွေးထားတယ်။ တချို့က ပြည်သူ့စစ်လို့ အမည်ခံတယ်။ တချို့က နယ်ခြားစောင့်တပ်လို့ အမည်ခံတယ်။

 

မြန်မာစစ်တပ်ဟာ တိုင်းရင်းသားဒေသတွေမှာသာ၊ ပြည်သူ့စစ်အဖွဲ့တွေကို ဖွဲ့စည်းခဲ့တာတွေ့ရပါတယ်။ သို့သော် လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း၊ စစ်ရေးအကျပ်အတည်းနဲ့ ကြုံလာတဲ့ မြန်မာစစ်တပ်ဟာ — ဗမာပြည်မဒေသမှာတောင် ပြည်သူ့စစ်ဖွဲ့ပြီး စစ်ဆင်ရေးလုပ်နေရတဲ့ အခြေအနေမျိုး ရောက်လာပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်မှာ ရန်သူအသစ်တွေ မွေးဖွားလာပါတယ်။ အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ဟာ — နိုင်ငံရေးအကျပ်အတည်းတစ်ခုတည်းကိုသာ ကြုံနေရတာ မဟုတ်ဘူး။ စစ်ရေး အကျပ် အတည်းနဲ့လည်း ထပ်မံ ကြုံတွေ့ရတယ်။ ဒီစစ်ရေးအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် — ယခင်တုန်းက တည်းက ကျင့်သုံးနေကျဖြစ်တဲ့ ပြည်သူ့စစ်မဟာဗျူဟာကို တိုးချဲ့ဖွဲ့စည်း လုပ်ဆောင်လာတာတွေ့ရပါတယ်။ ဒီတစ်ခါတော့ ဗမာအညာဒေသမှာ ဖြစ်တဲ့ ပြည်မဒေသအနှံ့မှာ ပြည်သူ့စစ်မဟာဗျူဟာကို ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်လာတာတွေ့ရပါတယ်။

 

ဝေစားမျှစား

 

ပြည်သူကို ပြည်သူချင်း သွေးထိုးသပ်လျှိုပြီး ထိန်းကျောင်းတဲ့ ပုံစံဟာ၊ မြန်မာစစ်တပ် အသုံးချခဲ့တဲ့ ရှေးနည်း ဟောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ — သူ လုံးဝ ချေမှုန်းလို့ မရတဲ့ တိုင်းရင်းသားလက်နက် ကိုင်တပ်တွေကို အပစ်အခတ်ရပ်စဲပြီးတော့၊ လုပ်ပိုင်ခွင့်တွေ ပေးလေ့ရှိပါတယ်။ အပစ်ရပ်အဖွဲ့တွေထဲမှာ၊ ပြည်သူ့စစ်အဖွဲ့ အဖြစ် အသွင်ပြောင်းခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများအပြား ရှိပါတယ်။ လက်နက် ကိုင်ထားသူချင်း ဝေစားမျှစားလုပ်ပြီး အဝေတည့်အောင် လုပ်တဲ့သဘော ဖြစ်ပါတယ်။ အကျိုးအမြတ်ကို ဖဲ့ပေး ပြီး သိမ်းသွင်းတဲ့သဘောဖြစ်ပါတယ်။ တော်လှန်ရေးကိုယ်ခံအားနည်းတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ၊ အပစ်ရပ်ဗျူဟာထဲ ရောက်သွားပြီး ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခံလိုက်ရတာတွေ ရှိပါတယ်။ ဒါကလည်း သူတို့ ကိုယ်တိုင် ကျေကျေနပ်နပ် ခံယူလိုက်ကြတာများပါတယ်။ လုပ်ပိုင်ခွင့်နဲ့ အကျိုးစီးပွားမက်လုံးတွေ ချည်တုပ်ခံရတာလည်း ပါဝင်ပါလိမ့်မယ်။

 

သရဲကြီး နဲ့ သရဲလေး

 

တကယ်တော့ မြန်မာစစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဆိုတာဟာ – သရဲကြီးနဲ့ သရဲလေးပဲ ကွာတာဖြစ်ပါတယ်။ သရဲကြီးက အမွှေးပိုရှည်တယ်၊ သရဲလေးက အမွှေးနည်းနည်း ပိုတိုတယ်။ နှစ်ကောင်စလုံးကတော့ သရဲတွေချည်းပါပဲ။ အပစ်ခတ်ရပ်စဲပြီး ပြည်သူ့စစ်ခံယူလိုက်တယ်ဆိုတာလည်း၊ သရဲကြီးက သူ အေးအေး ဆေး ဆေး စားသောက်တာကို မနှောက်ယှက်နိုင်အောင်၊ သရဲလေးကို အရိုးရင်း ကိုင်ခိုင်းထားတာပဲဖြစ်ပါတယ်။ ဒီတော့ အရိုးရင်းကိုက်ရတဲ့ သရဲလေးက နည်းနည်း ငြိမ်သွားလို့၊ သရဲကြီးလည်း အေးအေးလူလူ စားသောက်နိုင် တာမျိုး ဖြစ်ပါတယ်။

 

အရံအင်အားစုအနေနဲ့ နိုင်ငံရေးကစား

 

မြန်မာစစ်တပ်ဟာ – ရဲ၊ မီးသတ်၊ ကြက်ခြေနီနဲ့ စစ်မှုထမ်းဟောင်းအဖွဲ့တွေကိုလည်း ပြည်သူ့စစ်မဟာဗျူဟာ ထဲမှာ ထည့်သွင်း ခဲ့ဖူးပါတယ်။ ၎င်းတို့ကို မြန်မာစစ်တပ်ရဲ့ အရံတပ်ဖွဲ့တွေအဖြစ် သဘောထားတာကိုလည်း တွေ့ရပါတယ်။ မြန်မာစစ်တပ်ရဲ့ အပြင်စည်းထဲမှာ ရှိနေတဲ့ စစ်အင်အားစုတွေလို့ မှတ်ယူပါတယ်။ နိုင်ငံရေး မငြိမ် မသက်မှုတွေနဲ့ နိုင်ငံရေးကစားကွက်ထွင်တာတွေကို စိတ်ကြိုက်လုပ်နိုင်ဖို့၊ ပျူစောထီး အမည်ခံ အဖွဲ့တွေကို လည်း မွေးမြူထားတာ ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် — ကြံ့ခိုင်ရေးအသင်းဆိုတာ၊ စစ်တပ်ရဲ့ အရံအင်အားစုအဖြစ် လိုအပ်တဲ့အခါ အသုံးချလို့ရအောင် ဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့ဖြစ်ခဲ့ပါတယ်။ ကြံ့ခိုင်ရေး အသင်းကိုယ်၌ကလည်း ၂၀၁၀ ရွေးကောက်ပွဲ လုပ်တဲ့အခါမှာ၊ စစ်ခေါင်းဆောင်တွေ အလိုကျ အသုံးတော်ခံခဲ့ရ တာပါပဲ။

 

မြန်မာစစ်ခေါင်းဆောင်အဆက်ဆက်ဟာ — တပ်ထောက်ခံရေးအင်အားစုတွေကို၊ စစ်ယူနီဖောင်းမဝတ်ဘဲနဲ့ ပြည်သူအကြားမှာ နေထိုင်ပြီး မြန်မာစစ်တပ်ကို သစ္စာခံဖို့ အစဉ်တစိုက် ကြိုးစားခဲ့တာတွေ့ရပါတယ်။ မြန်မာစစ် တပ် ဩဇာညောင်းတဲ့ ပထဝီဧရိယာဟာ များများစားစား မရှိခဲ့ပါဘူး။ မြန်မာပြည်မှာ လိုသည်ထက်ပိုတဲ့ တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေ ရှိနေပါတယ်။ မြန်မာစစ်တပ် အစဉ်တစိုက် ခြေကုတ်ယူနိုင်စွမ်းမရှိ တဲ့ ဧရိယာတွေဟာ တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေ လက်အောက်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပါ တယ်။

 

သွေးခွဲ တိုင်း ကွဲတဲ့ အမျိုးတွေ

 

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ အားလုံး စုဖွဲ့လိုက်ရင်၊ မြန်မာစစ်တပ်ကို ထိုးနှက် ချေဖျက်နိုင်စွမ်းရှိ ပါတယ်။ သို့သော်လည်း ပြည်တွင်းစစ်သမိုင်းသာ ရှည်ကြာခဲ့တယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဟာ မြန်မာစစ်တပ်ကို ပြိုပျက်အောင် မတိုက်ခိုက်နိုင်ခဲ့ကြပါဘူး။ မြန်မာစစ်ခေါင်းဆောင်တွေဟာ — တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားမှာ — သွေးခွဲ – အုပ်ချုပ် ခြင်း နည်းကို သုံးပါတယ်။ မြန်မာစစ်တပ် ခွဲတဲ့သွေးကိုလည်း မျက်ကန်းတစ္ဆေမကြောက် သွေးကွဲသွားတဲ့ တိုင်းရင်းသားတွေ ရှိပါတယ်။ မြန်မာစစ်တပ်ဟာ သူ ထိန်းချုပ်ဖို့ ခက်တဲ့ တိုင်းရင်းသားဒေသတွေမှာ၊ သွေးခွဲပြီးတော့ ပြည်သူ့စစ်အဖွဲ့တွေကို ဖွဲ့စည်းပေးပြီး သူ့ရဲ့ အာဏာသက်ရှည်အောင် လုပ်နေခဲ့တာ ကြာပါပြီ။ ဒါကို တိုင်းရင်းသားခေါင်းဆောင်တွေလည်း မပြင်နိုင်ပါ။ ဘယ်လောက်ပဲ စစ်ရေးအင်အားကောင်းတယ်လို့ ပြောပြော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာလည်း မြန်မာစစ်ခေါင်းဆောင်တွေ ကျွေးတဲ့ ဂျင်းကို အရသာတွေ့ခဲ့သူတွေ မနည်းမနှောပါပဲ။ ဒါ့ကြောင့်လည်း ယနေ့ အချိန်အထိ မြန်မာစစ်တပ်ဟာ — တိုင်းရင်းသားအချင်းချင်း သွေးခွဲတဲ့ ပြည်သူ့စစ်မဟာဗျူဟာကို နှစ်နှစ်ခြိုက် ခြိုက် အသုံးတည့်အောင် လုပ်နိုင်စွမ်း ရှိနေတာပဲဖြစ်ပါတယ်။

 

စစ်တပ် ဩဇာခံ / သစ္စာခံ

 

ပြည်သူ့စစ်အဖွဲ့တွေဟာ – မြန်မာစစ်တပ်ရဲ့ တိုက်ရိုက် ဖွဲ့စည်းပုံအောက်မှာ ရှိချင်မှ ရှိပါလိမ့်မယ်။ မရှိတာ များပါတယ်။ သို့သော်လည်း မြန်မာစစ်တပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုကို ခံရယူပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေ ဟာ၊ ပြည်သူ့စစ်အဖွဲ့တွေကို သူတို့အပေါ် ဩဇာခံလာအောင် လုပ်ပိုင်ခွင့်ပေးပြီးတော့ ကျုံးသွင်းထားပါတယ်။ လက်နက်အင်အား တစ်စုံတစ်ရာ ထောက်ပံ့တယ်။ ပြည်သူ့စစ်အဖွဲ့တွေက မြန်မာစစ်တပ်ရဲ့ ဖွဲ့စည်းပုံအောက်မှာ တိုက်ရိုက် ရှိမထားလို့၊ လွတ်လပ်ခွင့်လည်း အတော်အသင့်ရနေတယ်။ ဒီလိုနဲ့ မြန်မာစစ်တပ်အပေါ် မှီခိုလာ အောင် သိမ်းသွင်းတာမျိုး လုပ်ပါတယ်။

 

မြန်မာစစ်ခေါင်းဆောင်တွေဟာ၊ ပြည်သူ့စစ်မဟာဗျူဟာကို စစ်ရေးရည်ရွယ်ချက် အတွက် အသုံးပြုတယ်။ နိုင်ငံရေးကစားကွက်ထွင်ဖို့၊ (တနည်း) နိုင်ငံရေးချိန်ခွင်လျှာ အပြောင်းအလဲကို ညှိဖို့အတွက်လည်း အသုံးချတာ တွေ့ရပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက – ပြည်တွင်းရန်နဲ့ ပြည်ပရန်ကို ကာကွယ်ဖို့အတွက် ပြည်သူ့စစ်အဖွဲ့တွေနဲ့ တိုင်းပြည်နဲ့ နိုင်ငံတော်လုံခြုံရေးကို ထိန်းသိမ်းဖို့ ကြိုးစားတည်ဆောက်ခဲ့ပေမယ့်၊ စစ်အစိုးရ လက်ထက်တွေ ကြာညောင်းလာလေလေ၊ ပြည်သူ့စစ်ဆိုတဲ့ စကားလုံးနဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ အနှစ်သာရပျက်ယွင်းလာတာကို တွေ့မြင်ရပါတယ်။

 

အသိခေါက်ရက် အဝင်နက်

 

စစ်ရေးအကျပ်အတည်းနဲ့ နိုင်ငံရေးအကျပ်အတည်း ကျရောက်နေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေအဖို့၊ ပြည်သူ့ စစ်မဟာဗျူဟာသည်— သူတို့ရဲ့ အသက်ရှုပေါက်ကို ချောင်စေတဲ့ နည်းနာဖြစ်တယ်လို့ ယူဆနေတာတွေ့ရပါ တယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းထဲမှာ — မြန်မာစစ်တပ်က ကစားတဲ့ ပြည်သူ့စစ်မဟာဗျူဟာ အဝန်းအဝိုင်းထဲကို တိုးဝင်နေတဲ့ လူမျိုးစုနဲ့ အဖွဲ့အစည်းတွေ ရှိနေပါတယ်။ ၎င်းလူမျိုးစုတွေနဲ့ ၎င်းလက်နက်ကိုင် အဖွဲ့တွေဟာ — မြန်မာစစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ပရိယာယ်ကို မသိတာ မဖြစ်နိုင်ပါ။ သိမယ် ထင်ပါတယ်။ သို့သော် — အသိခေါက်ရက် အဝင်နက်… လို့ ဆိုရမှာပဲ‌ ဖြစ်ပါတယ်။ “အသိရှိပါလျက်နဲ့ လမ်းလွဲကို ဇွတ်တိုး လျှောက်နေကြတယ်” လို့ ပြောရမှာပဲဖြစ်ပါတယ်။

 

မင်းသေ့

နံနက် ၃း၅၅

၃၀၊ ဩဂုတ်၊ ၂၀၂၂။