စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့ပေါ်မှာ အသတ်ခံရပြီး တနေရာစီစွန့်ပစ်ခံထားရတဲ့ သားအဖနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ဩဂုတ်လ ၂၆ ရက်နေ့ မနက်က တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အဖေက ကျန်းမာရေးမကောင်းဘူး၊ မန္တလေးဆေးရုံဆင်းခဲ့တာလည်းမကြာသေးဘူး၊ ကလေးက ကျောင်းတက်ပြီး တစ်ပတ်တခါပဲ ပြန်လာတာကို PDF သင်တန်းတက်တယ်လို့ စွပ်စွဲပြီး ညဆယ်နာရီလောက်မှာ လက်နက်ကိုင် ခုနစ်ယောက် ရှစ်ယောက်လောက်က လာဖမ်းသွားတာ”လို့ ဆွေမျိုးတော်စပ်သူတဦးက ပြောပါတယ်။
သေဆုံးသူတွေဟာ ကျွန်းလှမြို့ ၊ သူဌေးကုန်းရပ်ကွက်မှာ နေထိုင်ကြတဲ့ ဆရာတွာစင်(မော်လဝီဆပ်) နဲ့ သားဖြစ်သူ မောင်ရာဇာထက်အောင်တို့ ဖြစ်တယ်လို့ ဒေသခံတွေက အတည်ပြုနိုင်ခဲ့ကြပါတယ်။
မောင်ရာဇာထက်အောင်ဟာ ကန့်ဘလူမြို့နယ် ၊ ဘုတ်တောကျေးရွာအုပ်စု ၊ ဆားကိုင်းရွာမှာ မော်လဝီ (၅)တန်းတက်နေပြီး ကျွန်းလှမြို့ပေါ်ကို တပတ်တခါ ပြန်လာတတ်သူလို့ သိရပါတယ် ။ သားအဖ နှစ်ဦးလုံးဟာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်လေ့မရှိပဲ အနေအထိုင် ရိုးရှင်းသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ် ။
အခုလို ကျောင်းတက်ရာကနေ တပတ်တခါ ပြန်လာတဲ့ မောင်ရာဇာထက်အောင်ကို PDF သင်တန်းတက်နေတယ်ဆိုပြီး သားအဖ နှစ်ယောက်လုံးကို ဩဂုတ်လ (၂၅) ရက်နေ့ည ဆယ်နာရီ ဝန်းကျင်မှာ ဖမ်းခေါ်သွားခဲ့သလို အဲဒီညမှာပဲ ကျွန်းလှမြို့ပေါ်က လူတချို့လည်း တပြိုင်နက် အဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ် ။
ဒါပေမယ့် နောက်တနေ့ မနက်မှာ မောင်ရာဇာထက်အောင်တို့ သားအဖ ရုပ်အလောင်းတွေကို စွန့်ပစ်ခဲ့ကြပေမယ့် အဲဒီညက ဖမ်းခေါ်သွားတဲ့ တခြားသူတွေရဲ့ သတင်းအချက်အလက်ကိုတော့ စုံစမ်းမရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ် ။
ကျွန်းလှမြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုအဖြစ် စစ်သားနဲ့ရဲအပြင် လက်နက်တပ်ဆင်ထားတဲ့ ပျူစောထီးအဖွဲ့လည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ် ။ ဒါ့အပြင် ကျွန်းလှမြို့ပေါ်မှာ ဒီနှစ် ဇွန်လက စပြီး ည(၈)နာရီကနေ မနက်(၄)နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ထားတာကြောင့် အခုလို လူတွေကို ညဘက်မှာ လိုက်လံဖမ်းဆီးပြီး မနက်မှာ အလောင်းတွေပစ်ခဲ့တဲ့ ဖြစ်စဉ်ကြောင့် မြို့လူထုအနေနဲ့ စိုးရိမ်စိတ်လွန်ကဲတာတွေ ရှိလာပြီး တမြို့လုံး ထိတ်လန့်နေရတဲ့ အနေအထားဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ် ။
“မြို့ပေါ်မှာ စစ်တပ်တော့မရှိဘူး၊ စစ်သားနဲ့ရဲ နည်းနည်းပဲရှိတယ်၊ ဒါပေမယ့် အများဆုံးလုပ်တာ ပျူတွေပဲ၊ သူတို့အချင်းချင်းကလည်း မတည့်ကြဘူး” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
ကျွန်းလှမြို့ဟာ စစ်ကိုင်းတိုင်း ၊ မြောက်ဘက်ပိုင်းမှာရှိပြီး မြို့ဟောင်းဟာ သဖန်းဆိပ်ဆည်ရဲ့ ဧရိယာထဲမှာ ပါဝင်ခဲ့တဲ့ အတွက် မြို့လုံးကျွတ်ပြောင်းရွှေ့ပေးခဲ့ရတဲ့ မြို့တမြို့ ဖြစ်ပါတယ်။